(စ)-တောင်တွင်းကြီးမြို့ပေါ်ရှိ ရွှေအိုး(၂)ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းသည် ကျောင်းဝိုင်းမြေ ကျဉ်းမြောင်းခြင်းနှင့် အဆောက်အဦများ သက်တမ်းရင့် အိုမင်းနေခြင်းတို့ကြောင့် လေးထပ် ကျောင်းဆောင် တစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ပေါ်ရှိ ရွှေအိုး(၂)ရပ်ကွက် အခြေခံပညာမူ လတန်းကျောင်းကို ကျောင်းဝိုင်းမြေ ကျဉ်းမြောင်းခြင်းနှင့် အဆောက်အဦများ သက်တမ်းရင့် အိုမင်းနေခြင်းတို့ကြောင့် လေးထပ်ကျောင်းဆောင် တစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းလိုခြင်းဖြစ်ကြောင်း၊ တောင်တွင်းကြီးမြို့၊ ရွှေအိုး(၂) အခြေခံပညာမူလတန်းကျောင်းသည် ၁၉၆၄ ခုနှစ်ကပင် စတင်တည်ဆောက်ခဲ့သည့် ကျောင်းဖြစ်ကြောင်း၊ ရွှေအိုးတောင်၊ ကွင်းအမှတ်(၂)၊ ဦးပိုင်အမှတ်(၁၇၁)၊ ဧရိယာ အကျယ်အဝန်းသည် ၀.၁၇၁ မျှ သာ ဖြစ်ကြောင်း၊ ရွှေအိုးရပ်ကွက် အ.မ.က အဖြစ်လည်း အသုံးပြုထားကြောင်း၊ ကျောင်းဝိုင်းအဖြစ်ဖြင့် အသုံးပြုထားသည့် မြေသည် အလွန်ကျဉ်းမြောင်းပြီး မြို့လယ်လူစည်ကားသည့် ဈေးအနီးဖြစ်သည့်အတွက် ကျောင်းဝိုင်း မြေနေရာကို ထပ်မံတိုးချဲ့ပြီး ဝယ်ယူနိုင်ရန်လည်း လုံးဝမဖြစ်ကြောင်း၊ မြေနေရာ ကျဉ်းမြောင်း နေသည့်အတွက် ကျောင်းအားကစားကွင်း မရှိကြောင်း၊ ကျဉ်းမြောင်းလှသည့် ကျောင်းဝိုင်း အတွင်းတွင် ကျောင်းဆောင် (၃) ဆောင်ကို ပူးကြပ်စွာ ဆောက်လုပ်ထားကြောင်း၊ ကျောက်စိမ်း ဆောင်၊ ပတ္တမြားဆောင်၊ နီလာဆောင်တို့ ဖြစ်ကြောင်း၊ ၎င်းအဆောင် (၃) ဆောင်တွင် စာသင်ခန်း ပေါင်း ၁၀ ခန်း ရှိကြောင်း၊ စာသင်ဆောင် (၃) ဆောင်အနက် ပတ္တမြားဆောင်သည် အုတ်တိုက် အမျိုးအစားဖြစ်ပြီး ၁၉၈၁ ခုနှစ်က တောင်တွင်းကြီး မြို့လုံးကျွတ်နီးပါး လောင်ကျွမ်းခဲ့သည့် မီးဘေးတွင် မီးဘေးသင့်ခံခဲ့ရသည့် အဆောင်ဖြစ်ကြောင်း၊ မီးဘေးသင့်ခဲ့သော်လည်း ၎င်းတိုက်ကြီး၏ ထုထည်ခိုင်ခန့်မှုကြောင့် ထိုစဉ်အချိန်အခါက မိဘများက ပြန်လည်ပြင်ဆင်ပြီး အသုံးပြုထားရာမှာ ၁၉၈၁ ခုနှစ်မှ ယနေ့အချိန်အထိ ဖြစ်ကြောင်း၊ ကျန်အခြားအဆောင် (၂)ဆောင်သည်လည်း ဥပဓိရုပ်မကောင်းသည့်ကျောင်းဆောင်များ ဖြစ်ကြောင်း၊ ၂၀၁၉-၂၀ ခုနှစ်တွင် ကျောင်းသားဦးရေ KG မှစပြီး စတုတ္တတန်းအထိ ၃၅၇ ဦး ရှိကြောင်း၊ ၎င်းမူလတန်းကျောင်းကို ကျောင်းသား ဦးရေအရ မူလတန်းလွန်ကျောင်းအဖြစ် လွန်ခဲ့သည့် သုံးနှစ်က အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သော်လည်း ကျောင်းခန်း၊ ကျောင်းဆောင်လိုအပ်ချက်အရ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်းစသည့် မူလွန်အဆင့်ကို တိုးချဲ့ဖွင့်လှစ်နိုင်ခြင်း လုံးဝမရှိခဲ့ကြောင်း၊ မီးလောင်ခံထားရသည့် ကျောင်း ဖြစ်ကြောင်း၊ ယိုယွင်းပျက်စီးနေသည့် နှစ်ထပ်ဆောင်နှင့် လှေကားများ ဖြစ်ကြောင်း၊ ရင့်ကျက်လှသည့် အဆောင်များ ဖြစ်ကြောင်း၊ ကျဉ်းကြပ်လှသည့် စာသင်ခန်းများ ဖြစ်ကြောင်း၊ အခန်းငယ်များ ကန့်ထားရကြောင်း၊ ဖိနပ် ထားစရာနေရာ မရှိကြောင်း၊ ကျဉ်းကြပ်စွာ စာသင်နေရကြောင်း၊
ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနကို မေးမြန်းလိုသည်က (၁) မူလွန်ကျောင်းအဆင့်သို့ တိုးမြှင့်ခံခဲ့ ရသော်လည်း မတိုးမြှင့်နိုင်ခဲ့ခြင်း၊ (၂) မီးဘေးသင့်ခံခဲ့ရသည့် အဆောက်အဦဟောင်းကြီးကို ပြုပြင်ပြီး ကျောင်းဆောင်အဖြစ် အသုံးပြုလာသည်မှာ ၁၉၈၁ ခုနှစ်မှစ၍ ယခုအချိန်အထိ ဖြစ်ခြင်း၊ (၃) ကျောင်းဝိုင်းမြေနေရာကျဉ်းမြောင်းလွန်းခြင်း၊ ကျောင်းဝိုင်းမြေကိုလည်း ထပ်မံချဲ့ထွင် ဝယ်ယူရန် မဖြစ်နိုင်ခြင်း၊ (၄) ကျောင်းဝိုင်း ကျဉ်းမြောင်းမှုကို အခြေခံ၍ ကျောင်းဆောင်များကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ရာတွင် ကျောင်းပုံစံစနစ်မကျခြင်းစသည်တို့ကြောင့် ရွှေအိုး(၂)မူလတန်းကျောင်းနေရာ တွင် လေးထပ်ဆောင် တစ်ခုထပ်မံဆောက်လုပ်ပေးပါရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။