(ဆ)-အစိုးရအခြေခံပညာကျောင်းများတွင် တိုင်းရင်းသားလူမျိုးများအလိုက် တိုင်းရင်းသားဘာသာစာပေ ကျောင်းသုံး သင်ရိုးပုံနှိပ်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေပေးရန်နှင့် သင်ထောက်ကူပစ္စည်းများလိုအပ်လာပါက မည်ကဲ့သို့ဆောင်ရွက်ပေး မည်ကိုသိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
(ဆ)-မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အစိုးရအခြေခံပညာကျောင်းများတွင် တိုင်းရင်းသား လူမျိုးများ အလိုက် တိုင်းရင်းသားဘာသာစာပေ ကျောင်းသုံးသင်ရိုးပုံနှိပ်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေပေးရန် နှင့် သင်ထောက်ကူပစ္စည်းများလိုအပ်လာပါက မည်ကဲ့သို့ဆောင်ရွက်ပေး မည်ကိုသိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အစိုးရ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားလူမျိုးများအလိုက် မိခင်ဘာသာ စာပေစကားနှင့် အချိန်ပိုင်းသင်ကြားခြင်းကို ခွင့်ပြုပေးလျက်ရှိရာ တိုင်းရင်းသား ဘာသာစာပေ သင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာဆရာမများ အတွက် တိုင်းရင်းသား လူမျိုးများအလိုက်၊ အတန်းအလိုက် တိုင်းရင်းသား ဘာသာ သင်ရိုးကျောင်းသုံး ပုံနှိပ်စာအုပ်များကို နိုင်ငံတော်အစိုးရက တာဝန်ယူပုံနှိပ်ပြီး လိုအပ်ချက်များနှင့်အညီ အခမဲ့ ဖြန့်ဝေပေးရန် အစီအစဉ် ရှိ/မရှိနှင့် တိုင်းရင်းသားလူမျိုးအလိုက် တိုင်းရင်းသား ဘာသာစာပေ ကျောင်းသုံးသင်ရိုး ပုံနှိပ်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေပေးရန်နှင့် သင်ထောက်ကူ ပစ္စည်းများ လိုအပ်လာပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို အသေးစိတ် တိကျရှင်းလင်းစွာ သိလိုပါကြောင်း၊
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့ မြို့နယ်ခန်းမ၌ ၅-၇-၂၀၁၉ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲ အခမ်းအနားတွင် ပြည်သူတစ်ဦးက အစိုးရအခြေခံ ပညာသင်ကျောင်းများတွင် အချိန်ပိုင်းအလိုက် ရှမ်းတိုင်းရင်းသား ဘာသာစာပေများ သင်ကြားပေးလျက် ရှိရာတွင် သင်ကြားရေး ဆရာ/ဆရာမများကို နိုင်ငံတော်မှ နေ့တွက်စရိတ် ထောက်ပံ့ပေး၍လည်းကောင်း၊ သင်ကြားရေး အထောက်အကူပြု ဆရာ/ဆရာမများ ခန့်အပ်၍ လည်းကောင်း သင်ကြားစေခြင်းများကို ဆောင်ရွက်လျက်ရှိရာ အဆင်ပြေမှု ရှိသော်လည်း သင်ထောက်ကူ ပစ္စည်းများနှင့် ရှမ်းဘာသာစာပေ ကျောင်းသုံးသင်ရိုး ပုံနှိပ်စာအုပ်များ လိုအပ်လျက် ရှိနေသည့်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုသည့်အတွက် တင်ပြ မေးမြန်းခဲ့ကြောင်း၊
မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ငါးအုပ်စုဖြစ်သည့် မိုင်းဟပ်မန်ပုံ ကျေးရွာအုပ်စု၊ မိုင်းဟိန်း ကျေးရွာအုပ်စု၊ မန်ကျူ ကျေးရွာအုပ်စု၊ မန်ကျောင်း ကျေးရွာအုပ်စုနှင့် နားဝ ကျေးရွာအုပ်စု ငါးအုပ်စုတွင် အစိုးရ အခြေခံပညာကျောင်းများတွင် ရှမ်းတိုင်းရင်းသား ဘာသာစာပေနှင့် အချိန်ပိုင်း သင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူပေါင်း ၁၃၅၀ ဦးခန့်ရှိ၍ ရှမ်းတိုင်းရင်းသား သာဘာသင်ရိုး ပုံနှိပ်စာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ လိုအပ်လျက်ရှိနေပါကြောင်း တစ်မြို့နယ်လုံးအနေဖြင့်လည်း လိုအပ်ချက်ရှိနေသည်ကို တင်ပြချက်များအရ သိရှိရပါကြောင်း၊
ရှမ်းတိုင်းရင်းသား ဘာသာစာပေ ကျောင်းသုံးသင်ရိုးညွှန်းတမ်းပုံနှိပ်စာအုပ်များကို ဘာသာ အလိုက်၊ အတန်းအလိုက် သက်ဆိုင်ရာ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီများနှင့် ရှမ်းစာပေပညာရှင် များက စုပေါင်းပြုစုထားသည့် သင်ရိုးပုံနှိပ်စာအုပ်များ ရှိပြီးဖြစ်သော်လည်း အစိုးရအခြေခံ ပညာကျောင်းများတွင် သင်ကြားသင်ယူလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ /ဆရာမများအတွက် နိုင်ငံတော်မှ ပုံနှိပ်ထုတ်ဝေဖြန့်ဖြူးပေးနိုင်သေးခြင်း မရှိသည်ကို သိရှိရကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းရင်းသား ဘာသာစာပေ၊ မိခင် ဘာသာစကားနှင့် အစိုးရအခြေခံပညာကျောင်းများတွင် အချိန်ပိုင်းသင်ကြားသင်ယူနေကြသည့် ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက် တိုင်းရင်းသား ဘာသာအလိုက်၊ အတန်းအလိုက် ပုံနှိပ်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေပေးရန် အတွက်လည်းကောင်း၊ သင်ထောက်ကူ ပစ္စည်းများ လိုအပ်လာသည့် အချိန်တွင်လည်းကောင်း၊ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ဆောင်ရွက်ပေးနိုင်ရန် အတွက် ဆောင်ရွက်ပေးနိုင်မှု အခြေအနေနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသေးစိတ် တိကျရှင်းလင်းစွာ သိရှိပြီး ပြည်သူများနှင့် သက်ဆိုင်ရာ စာပေယဉ်ကျေးမှု အသင်းအဖွဲ့တို့ကို ပြန်လည် ရှင်းလင်းတင်ပြနိုင်ရန်အတွက် မေးမြန်းပါသည်။