(ခ)- ကြံသယ်ကားများနှင့် စက်ရုံအကြား၊ ကြံသယ်ယူခ ဈေးနှုန်းအား မည်သို့ညှိနှိုင်းပေးမည်၊ စည်းကမ်းမလိုက်နာသော ကြံသယ်ကားများအား မည်သို့အရေးယူမည်နှင့် မိုင်တိုင်အမှတ်(108.28 Km)နှင့် (117 Km)အကြား လမ်းပိုင်းအား ထိန်းသိမ်းစရိတ်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

(ခ)-ထီးချိုင့်မြို့နယ် ဂရိတ်ဝေါလ်-ဝေမာသကြားစက် ကြံသယ်ကားများနှင့် စက်ရုံအကြား၊ ကြံသယ်ယူခ ဈေးနှုန်းအား မည်သို့ညှိနှိုင်းသတ်မှတ်ပေးမည်၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းမလိုက်နာသော ကြံသယ်ကားများအား မည်သို့အရေးယူမည်နှင့် မန္တလေး-ဗန်းမော် ပြည်ထောင်စုကားလမ်းမကြီး မိုင်တိုင်အမှတ်(108.28 Km)နှင့် (117 Km)အကြား လမ်းပိုင်းအား ပြင်ဆင်ထိန်းသိမ်းစရိတ်တို့ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မန္တလေး-တကောင်း-ဗန်းမော်-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီး၏ ထီးချိုင့်မြို့နယ် အတွင်း လမ်းပိုင်းကို ၂၀၁၅ ခုနှစ်၊ အထွေ‌ထွေရွေးကောက်ပွဲ မတိုင်မီမိုးတွင်းကာလတွင် မူလကျောက်ချော လမ်းမှကတ္တရာလမ်းအဖြစ် တိုးမြှင့်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ကြံရာသီ ဂရိတ်ဝေါလ် သကြားစက်စတင်သည့်အခါ ကြံသယ်ကားများသွားလာမှုကြောင့် အဆိုပါလမ်းပိုင်းတွင် ချိုင့်များ၊ ကျင်းများ၊ အပေါက်များဖြစ်ပြီး ကြံရာသီကုန်သည့် ၂၀၁၇ ခုနှစ် ဧပြီလတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းအထူးအဖွဲ့(၉)က ပြင်ဆင် ထိန်းသိမ်းခဲ့သည့်အတွက် ဒေသခံပြည်သူများအတွက် ဆက်သွယ်ရေး ကောင်းမွန်စွာ သွားလာကြရပါကြောင်း၊ ၂၀၁၇-၁၈ တွင်လည်း အထက်ပါအတိုင်း လမ်းပိုင်းကပျက်စီး လိုက်၊  ဌာနကပြင်လိုက်ဖြင့် နှစ်စဉ်ပြင်ခဲ့သည်မှာ ပြီးခဲ့သည့်ကြံရာသီတွင် ဒေသကြံအထွက် များပြီး ကြံသယ်ကားများက မတန်တဆတင်ဆောင်သည့်အခါ ၂၀၁၉ ခုနှစ် ဧပြီလတွင် ယခင်နှစ်များကဲ့သို့ ဌာနကပြင်ဆင်ထိန်းသိမ်း၍မရလောက်အောင် မြောက်မှတောင် ဘက်တစ်လျှောက် လမ်း၏တစ်ခြမ်းလုံးနီးပါး ပျက်စီးသွားပါကြောင်း၊ ထိုအခါဌာနက ပုံမှန်ပြင်/ ထိန်းအပြင် အထူးပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် လမ်းပိုင်းအလယ်ဖြတ် ထုတ်ပြီး နေရာခုနစ်နေရာကို အကြီးစားပြင်ဆင်ခဲ့ရပါကြောင်း၊

ကားသမားများ တန်ပိုတင်ဆောင်သည်ကိုလေ့လာကြည့်သည့်အခါ ကြံကားတစ်စီး၏ တင်ဆောင် နိုင်မှုအပေါ်မူတည်ပြီး ကြံတောင်သူများကို တာဝန်ခံထားကြရပါကြောင်း၊ ကြံကားတစ်စီးတင်ရန်အတွက် စက်ရုံကတာဝန်ပေးထားသော ကွင်းကိုယ်စားလှယ်က တစ်ဆင့် စက်ရုံအပို့သယ်ယူ ခွင့်စလစ်ထုတ်ပေးရာတွင် ကြန့်ကြာမှုများအပြင် စက်ရုံရောက်သွားသည့်အခါကြံကားများသည့် အတွက်စောင့်ဆိုင်းရပြီး ကားတစ်စီးသည် တစ်ရက်တစ်ခေါက်နှုန်းမသွားနိုင်ဘဲ နှစ်ရက် တစ်ခေါက်သုံးရောက်တစ်ခေါက်ဖြစ်လာရာက ကားသမားကသွားရသည့်တစ်ခေါက်ကိုနင့်နေ အောင်တင်ရတော့ပါကြောင်း၊ သိရသလောက် ခြောက်ဘီးကားတစ်စီးကို ကားအလေးချိန် အလွတ်တန် ၃၀ နှင့် ၁၀ ဘီး၊ ၁၂ ဘီးက တန် ၄၀ အတွင်းထိ တင်ဆောင်သည်ဟုသိရပါကြောင်း၊ အထူးသဖြင့် မိုးကြိုကြံသည် အလေးချိန် အစီးဆုံးဖြစ်ပါကြောင်း၊ ရာသီကြံကကောက်ကောက် ကွေးကွေးနှင့် အလယ်တွင်အူကြောင်း ပါသည့်အတွက် အလေးချိန်မစီးသော်လည်း မိုးကြိုကြံက အပင်တိုတိုအသားပြည့်ပြည့် ဖြစ်သည့်အတွက် ကားတစ်စီးအလေးချိန်သည် တန်အများဆုံး ဖြစ်လာပါကြောင်း၊ ကားသမားများ နေ့စဉ်တစ်စီးတစ်ခေါက်သယ်ရပါကကိစ္စမရှိသော်လည်း အထက်ကတင်ပြခဲ့ သလို ကြန့်ကြာမှုများရှိခဲ့ပါက အခက်အခဲများရင်ဆိုင်ရပါကြောင်း၊ အထက် ဖော်ပြပါ ပြည်ထောင်စုကားလမ်းမကြီးတွင် ကြံကားများစည်းကမ်းတကျသွားလာနိုင်ရန် တာဝန်ရှိ သူများက ကြပ်မတ်ပေးရန်လိုအပ်ပါကြောင်း၊ ဥပမာ-ကားတစ်စုံတစ်ရာချို့ယွင်းပါက လမ်းနံဘေး ရောက်အောင်ရွှေ့ပေးရန် ကားသမားတွင်တာဝန်ရှိပါကြောင်း၊ ဌာနကလည်း ဘာကြောင့်ရပ်ရပ်လမ်း ဘေးချရပ်ဆိုသည့်ဆိုင်းဘုတ်များ စိုက်ထူပေးထားပါ‌ကြောင်း၊ မလုပ်ရဟုတားမြစ်သည်ကိုကျူးလွန်ပါက နောက်ဆက်တွဲအရေးယူရန် သက်ဆိုင်ရာ ဌာနများတွင် တာဝန်ရှိပါကြောင်း၊ ယခု နိုင်ငံနှင့် အဝန်းလမ်းမကြီးအလယ်တွင် ပျက်သည့် အတိုင်းထားရှိသည့်အတွက် အများပြည်သူမှာ အခက်အခဲများရင်ဆိုင်ကြရပါကြောင်း၊ ပိုဆိုးသည်မှာ ရပ်ထားသောသူတို့ကား၏ လမ်းဘေးက ကျောက်တုံးများ ကာရန်ထားသည့် အတွက် အများပြည်သူအတွက် ပိုလို့ဒုက္ခရောက်စေပါကြောင်း၊

အဆိုပါလမ်းများကို သွားဖူးကြသော နောက်အခက်အခဲတစ်ခုက အချို့သောကြံကားများ သည် ၁၈ ပေအကျယ်ရှိသည့်လမ်းကို နေရာမပေးဘဲ အနိုင်ကျင့်မောင်းနှင်ခြင်းဖြစ်ပါ ကြောင်း၊ ကားဘော်ဒီ ကိုအသားဖြင့်လုပ်ပြီးချဲ့ထားသည့်အပြင် ကား၏လက်ဝဲတွင် ကြံတင် သောလှေကားကိုချိတ်ဆွဲ လာသည့်အခါ ကားအချင်းချင်းရှောင်ရန်အခက် အခဲတွေ့ကြ ပါကြောင်း၊ ဒေသကအာဏာပိုင်များနှင့် စီမံအုပ်ချုပ်သူများပါ ပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း၊ မနှစ်က လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ပြီး ကြံသယ်ကားပိုင်နှင့် ယာဉ်မောင်းများကိုစုပြီး မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မဆက အဖွဲ့၊ ခရိုင်ယာဉ်ထိန်းအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လမ်းအထူးအဖွဲ့(၉)တာဝန်ခံ၊ စက်ရုံတာဝန်ခံများ စုပေါင်းပြီး ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်ပြီး အသိပေးရှင်းလင်းခြင်းများ လုပ်ခဲ့ပါသော်လည်း တကယ့်မြေပြင်တွင် လိုက်နာဆောင်ရွက်မှုအားနည်းပါကြောင်း၊

ထို့ကြောင့် ထီးချိုင့်မြို့နယ် ဂရိတ်ဝေါလ်-ဝေမာသကြားစက် ကြံသယ်ကားများနှင့် စက်ရုံ အကြား၊ ကြံသယ်ယူခဈေးနှုန်းအား မည်သို့ညှိနှိုင်းသတ်မှတ်ပေးမည်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသော ကြံသယ်ကားများအား မည်သို့အရေးယူမည်နှင့် မန္တလေး-ဗန်းမော် ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ်(108.28 Km)နှင့် (117 Km)အကြား လမ်းပိုင်းအား ပြင်ဆင် ထိန်းသိမ်းစရိတ်တို့ကို သိလိုပါကြောင်း မေးမြန်းပါသည်။