(ဃ)-မင်းဘူး(စကု)မြို့အတွင်း နှစ်စဉ်ဖြစ်ပေါ်နေသော မြေနုကျွန်းခွဲဝေချထားရေးကိစ္စများကို စိုက်ပျိုးချိန် အမီ ဥပဒေနှင့်အညီ အမြန်ဆုံးချထားနိုင်ရေး မည်ကဲ့သို့ စီမံဆောင်ရွက် ပေး မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြစ်ချောင်းများနှင့် ဆက်စပ်လျက်ရှိသည့်ဒေသများတွင် နှစ်စဉ်မြေနုကျွန်းခွဲဝေရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မင်းဘူး(စကု)မြို့နယ်တွင်လည်း ဆားပွတ်ချောင်း၊ မန်းချောင်းနှင့် ဧရာဝတီမြစ်တို့ဖြတ်သန်းစီးဆင်းလျက်ရှိသည့်အတွက် ရေကျချိန်ရောက် တိုင်း နှစ်စဉ်မြေနုကျွန်း လုပ်ကိုင်ခွင့် ခွဲဝေချထားရေးဆိုင်ရာကိစ္စရပ်များ ပေါ်ပေါက်လျက် ရှိပါကြောင်း၊ အချို့ကျေးရွာ များတွင် အဆင်ပြေစွာခွဲဝေနိုင်မှုရှိသော်လည်း မင်းဘူး(စကု) မြို့နယ်တွင် ဥယျာဉ်ဇင်အုပ်စု၊ ဓားမနိုင်ကျေးရွာနှင့် စကု အမှတ်(၁)ကျောင်းရွာရပ်တို့၏ အငြင်းပွားမှု၊ ရွာသာကျေးရွာနှင့် လက်ပံတပင်ကျေးရွာတို့၏ နယ်မြေ အငြင်းပွားမှု၊ ပေါက်ကုန်းကျေးရွာနှင့် ကြာကန်ကျေးရွာတို့၏မြေနုကျွန်းလုပ်ကိုင်ခွင့်နယ်မြေ အငြင်းပွားမှု တို့သည် ဥပဒေနှင့်အညီ စိုက်ပျိုးချိန်အမီသတ်မှတ် ပေးနိုင်ခြင်း မရှိခြင်းသည်မှာ လေးနှစ် ကြာပြီဖြစ်သည်ကို သိရှိရပါကြောင်း၊
လယ်ယာမြေနည်းဥပဒေ၊ အခန်း(၁၂)တွင် မြေနုကျွန်းလုပ်ကိုင် ခွင့်ချထားခြင်းနှင့် ပတ်သက် ပြီး ပုဒ်မ ၁၀၃ မှ ပုဒ်မ ၁၁၂ ထိ အသေးစိတ်ပြဋ္ဌာန်းပြီး ဖြစ်သည့်အတွက် အဆိုပါ ပြဋ္ဌာန်း ချက်တွေအတိုင်းသာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နည်းဥပဒေ ပုဒ်မ ၁၀၄ တွင် မြေနု ကျွန်းမြေလုပ်ကိုင်ခွင့်ကို တစ်နှစ်တစ်ရာသီအတွက်သာ ချထားရမည် ဖြစ်ပြီး နှစ်စဉ် နွေထယ်ရေးအမီ၊ ကျွန်းရေမလွှမ်းမိုးမီကတည်းကပြင် ကြိုတင်စီမံထားရမည်ဟု ပြဋ္ဌာန်းပါ ရှိပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း လက်တွေ့တွင် ဥပဒေပါပြဋ္ဌာန်းထားသည့် အတိုင်း ကြိုတင်စီမံထားခြင်း မရှိသည့်အတွက် ဒေသခံတောင်သူသည် မသင့်မမြတ်ဖြစ်မှုများ၊ အခက်အခဲများနှင့် ကြုံတွေ့နေရဆဲဖြစ်ပါကြောင်း၊ ယင်းသို့ ပြဿနာများဖြစ်ပေါ်ခြင်း မရှိ စေရန် ဥပဒေ၊ နည်းဥပဒေ များနှင့် အညီ ဖြေရှင်းဆောင်ပေးရန်လိုပါကြောင်း၊
ထို့ကြောင့် ဒေသခံတောင်သူတွေ စိတ်ချမ်းမြေ့စွာ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံ အဝန်းတွင် ဖြစ်ထွန်းနေသည့် မြေနုကျွန်းများကို ဥပဒေ၊ နည်းဥပဒေနှင့် အညီ အမြန်ဆုံး ခွဲဝေချထားနိုင်ရေးအတွက် မည်ကဲ့သို့စီမံဆောင်ရွက်နေပါကြောင်းနှင့် မင်းဘူး(စကု)မြို့နယ် အတွင်း ဖြစ်ပေါ် နေသော မြေနုကျွန်းခွဲဝေချထားရေးကိစ္စများကို စိုက်ပျိုးချိန်အမီချထား နိုင်ရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။