(င)-မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် ကျောင်းသားများ လက်တွေ့သင်ကြားနိုင်ရန် Commercial Farms အကောင်အထည်ဖော်ခြင်းရှိ/မရှိသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံက စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် စိုက်ပျိုးရေး၏တွဲဖက်လုပ်ငန်းဖြစ်သော မွေးမြူရေးလုပ်ငန်းသည် လုံးဝဖွံ့ဖြိုးခြင်းမရှိသည့် သဘောမျိုး ဖြစ်နေပါကြောင်း၊ မိမိတို့နိုင်ငံတွင် မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်ပြီး အခြေအနေ အားလုံးပေးပေမဲ့လည်း မဖြစ်ထွန်းသည်မှာဘာကြောင့်လဲဟုသုံးသပ်ပါက နည်းပညာနိမ့်နေသည့် အတွက် ဖြစ်ပါကြောင်း၊ နည်းပညာအဘယ့်ကြောင့်နိမ့်သလဲဆိုတော့ မွေးမြူရေးပညာကို နည်းပညာ အရသင်ကြားပေးရမည့် အဓိကတာဝန်အရှိဆုံးက မွေးမြူရေးဆိုင်ရာဆေးပညာတက္ကသိုလ်ဖြစ်ပါ ကြောင်း၊ သို့သော်ပညာရေးမူဝါဒအစီရင်ခံစာတွင် ဖော်ပြထားပါကြောင်း၊ မိမိတို့ကျောင်းတွင် မွေးမြူရေးနှင့်ပတ်သက်သည့် လုံလောက်သော Demonstration Farms မရှိပါကြောင်း၊ Demonstration Farms ဟုခေါ်သည့် ခြံလေးသည်တစ်နိုင်တစ်ပိုင်လောက်သာရှိပါသည်ဟု အစီရင်ခံစာထဲတွင် ဖော်ပြထားသည့်အပြင် ကျောင်းသားများကို တကယ်တတ်အောင်သင်မည် ဆိုပါက Commercial Farms များ လိုအပ်ပါကြောင်း၊ Commercial Farms များလုပ်ရန်အတွက် မြေဧက ၂၀၀ ခန့်လိုအပ်သည်ဟု ဖော်ပြထားပါကြောင်း၊
မိမိတို့ကျောင်းတွင် ၆ နှစ်သင်တန်းကျောင်းက ကျောင်းသားပေါင်း ၁၀၀ စီ ခေါ်ပါကြောင်း၊ DVN ဘွဲ့ပေးပါကြောင်း၊ ၄ နှစ်သင်တန်းအတွက် တစ်နှစ်လျှင် ကျောင်းသား ၁၅၀ ဦးခေါ်သည့်အတွက် ကျောင်းသားပေါင်း ၆၀၀ ဦးရှိပါကြောင်း၊ နှစ်ခုပေါင်းပါက ကျောင်းသားပေါင်း ၁၂၀၀ သင်ကြားရန် အတွက် Demonstration Farms ဆိုသည်မှာ သေးသေးလေး၊ တိရစ္ဆာန်အကောင်အရေကလည်း နည်းနည်းလေး ဖြစ်ပါကြောင်း၊ နွားဆိုပါက ခြောက်ကောင်၊ ခုနစ်ကောင်သာရှိသော အနေအထား မျိုးဖြစ်နေပါကြောင်း၊ အသားစားကြက် ၁၀၀၀ ကျော်၊ ဥစားကြက် ၁၀၀၀ ကျော်သာ မွေးပါကြောင်း၊ သာမန်ရပ်ကွက်ထဲက မွေးမြူရေးသမားတစ်ယောက်၏ တစ်နိုင်တစ်ပိုင်ခြံအဆင့်သာ ရှိပါကြောင်း၊ တက္ကသိုလ်က ကျောင်းသူကျောင်းသားများ သင်ကြားမှုအထောက်အကူပြုသော Demonstration Farms ကို လုပ်ထားသည်မှာ အဓိပ္ပာယ်မရှိပါကြောင်း၊ ကျောင်းသားများကို တကယ် တတ်စေလိုပါက Commercial Farms ဟုခေါ်သောစီးပွားဖြစ်မွေးမြူရေးခြံကြီးများ ဆောင်ရွက်ပြီး မွေးမြူရေးပညာကို ထိထိရောက်ရောက် သင်ကြားပေးရန်လိုကြောင်း၎င်းအစီရင်ခံစာတွင် တင်ပြ ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါအစီရင်ခံစာထွက်ကတည်းက မိမိကကျောင်းကိုစောင့်ကြည့်နေသည့် အခါ ကျောင်းကယနေ့အထိ ဘာမှထိထိရောက်ရောက်ဆောင်ရွက်ခြင်းမတွေ့သည့်အတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားပညာရေးမူဝါဒကော်မရှင် အစီရင်ခံစာအမှတ်(၄) တွင်ဖော်ပြထားသည့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ကျောင်းသားများ လက်တွေ့ သင်ကြားနိုင်ရန် Commercial Farms အကောင်အထည်ဖော်ခြင်းရှိ/မရှိ၊ ရှိပါက အဘယ်သို့ဆောင်ရွက်နေပါသနည်း၊ မရှိပါက အဘယ်ကြောင့် မဆောင်ရွက်နိုင်ပါသနည်း သိလိုကြောင်း မေးမြန်းပါသည်။