(စ)-စေတုတ္တရာမြို့နယ်ရှိ မုန်းတမံရေဝပ်ဧရိယာတွင် နစ်မြှုပ်ခဲ့သော ကျေးရွာ ၁၃ ရွာမှ ဒေသခံ ပြည်သူများအတွက် CSR လုပ်ငန်းများ စနစ်တကျဆောင်ရွက်ပေးခဲ့ခြင်း ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း

2020-12-31

 

မုန်းချောင်းတမံကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၂၀၀၄ ခုနှစ်တွင် ပြီးစီးပြီဖြစ်ပါကြောင်း၊ ရေဝပ်ဧရိယာတွင် ရွာပေါင်း ၁၃ ရွာ၊ လယ်မြေ ၁၂၀၁ ဧက၊ ယာမြေ ၃၆၅၈ ဧက ကျရောက်ခဲ့ပြီး  မူလကျေးရွာများနှင့် ၁၀ မိုင် ကျော်ဝေးသည့် ငါးမရွာနှင့် သံဆည် ရွာကြားသို့ သံဆည်မြို့သစ် တည်ဆောက်ပြောင်းရွှေ့စေခဲ့ပါကြောင်း၊ ရေ၊ မီး၊ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး၊ လုပ်ကိုင်စားသောက်စရာ မြေယာလုံးဝမပြည့်စုံသည့် သံဆည် မြို့သစ်တွင် မိမိအိမ်၊ မိမိဘာသာ ရွှေ့ပြောင်းဆောက်လုပ်ခဲ့ကြသော်လည်း လုပ်ကိုင်စားရန် မရှိသည့်အတွက် မူလရွာများသို့သာ ပြန်လည်ပြောင်းရွှေ့ခဲ့ကြရပါကြောင်း၊ ၂၀၀၃ ခုနှစ် တမံကြီးပိတ်ချိန် ရေမြုပ်မှသာ သံဆည်မြို့သစ်ကို မဖြစ်မနေပြောင်းရွှေ့ခဲ့ကြသော်လည်း လုပ်ကိုင်စားသောက်စရာမရှိ၊ ဝင်ငွေမရှိ၊ ထောက်ပံ့ခြင်းမရှိသည့်အတွက် ရပ်တည်နိုင်ခြင်း မရှိတော့ဘဲ အားလုံးနီးပါး ရွာဟောင်း၊ တောင်ကုန်း မြင့်တွေပေါ် ပြန်လည်ရွှေ့ပြောင်းပြီး ခက်ခဲစွာ ရပ်တည်ရှင်သန်ခဲ့ကြပါကြောင်း၊ ရေမြုပ်ရွာ ၁၃ ရွာလုံး အိမ်ပြောင်းရွှေ့ စရိတ် ၅၀၀၀ ကျပ်မှတစ်ပါး ၁၈ နှစ်ကြာ ယနေ့အချိန်အထိ မည်သည့်မြေယာလျော်ကြေး၊ သီးနှံ လျော်ကြေး၊ နစ်နာကြေး၊ ပံ့ပိုးကူညီမှု၊ အစားထိုးမြေယာမျှ မရှိခဲ့ကြဘဲ တစ်နေ့တခြား ခက်ခဲကြပ်တည်း ဒုက္ခရောက်လျက်ရှိကြပါကြောင်း၊

၂၀၀၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပြီးစီးခဲ့သည့် ဂန့်ဂေါ-မြစ်သာဆည်စီမံကိန်းတွင် စံပါယ်၊ ဆင်ပုံ၊ ပနန်း၊ ယင်းမာရွာလေးရွာကို မြို့ကွက်သစ်စနစ်ကျ ဖော်ထုတ်ပြီးသိန်း ၂၀၀ တန်အိမ်၊ သောက်သုံးရေ၊ လျှစ်စစ်မီးအပြည့်အစုံ၊ သီးနှံလျော်ကြေး၊ လယ်ယာမြေလျော်ကြေး သိန်း ၇၀၀၊ ၈၀၀၊ အဆင်သင့်စိုက်ပျိုးနိုင်သည့် လယ်ယာ၊ ဘုရားစေတီ၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးခန်း၊ စာသင်ကျောင်း၊ ရပ်/ကျေးအုပ်ချုပ်ရေး မှူးရုံးစသည်ဖြင့် ပြည့်ပြည့်စုံစုံဖော်ဆောင်ပေးခဲ့သည်ဟု သိရှိရပါကြောင်း၊

မုန်းတမံတည်ဆောက်မှုကြောင့် နိုင်ငံတော်အတွက် နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ် သန်း ၃၃၀ ခန့်ထုတ်လုပ်နိုင်ပြီး လျှပ်စစ် ဓာတ်အားခတွေရရှိသော်လည်း ရေမြုပ် ၁၃ ရွာအနေဖြင့် ယခုအချိန်အထိ ကူရာကယ်ရာမဲ့ဆဲ အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် လူသားချင်းစာနာ ထောက်ထားစွာနှင့် လူ့အခွင့်အရေးတွေဆုံးရှုံးခဲ့ကြသည့် တိုင်းရင်းသား ညီအစ်ကိုများကို တာဝန်ယူ၊ တာဝန်ခံမှုရှိစွာ CSR လုပ်ငန်းများ၊ တာဝန်သိလူမှုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်းရှိ/မရှိ၊ မရှိပါက ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။