(ဆ)-တောင်သူလယ်သမားနေ့အဖြစ် မတ်လ(၂)ရက်နေ့ကို သတ်မှတ်ထားခြင်းမှပယ်ဖျက်ပေးရန်နှင့် ဗြိတိသျှနယ်ချဲ့အစိုးရအားတောင်သူလယ်သမားများ စတင်တော်လှန်ခဲ့သည့် ဒီဇင် ဘာလ(၂၂)ရက်နေ့ကို ပြောင်းလဲအတည်ပြုပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-31

 

(ဆ)-ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားများအတွက် တောင်သူ လယ်သမားနေ့အဖြစ် မတ်လ(၂)ရက်နေ့ကို သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးရန်နှင့် ဗြိတိသျှ နယ်ချဲ့အစိုးရအား ဆရာစံဉီးဆောင်ပြီး တောင်သူလယ်သမားများ ကိုယ်တိုင် စတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာလ(၂၂)ရက်နေ့ကို ပြောင်းလဲသတ်မှတ် အတည်ပြုပေးရန်  အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့် တောင်သူ လယ်သမားများသည် စိုက်ပျိုးလုပ်ကိုင်မှီတင်း နေထိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီပြီး ယနေ့အထိ တောင်သူလယ်သမားများ၏ စွမ်းအားဖြင့် ထုတ်လုပ်သည့် ဆန်စပါးကို အမှီပြုပြီး ကျွန်တော်တို့ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတို့ကို ရှင်သန်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများကို နိုင်ငံသားအားလုံးက ကျေးဇူးရှင်များအဖြစ် ဂုဏ်ပြုလေးစား တန်ဖိုးထားခဲ့ကြကြောင်း၊ ဖဆပလ အစိုးရလက်ထက်က ဇန်နဝါရီလ ၁ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ကျင်းပခဲ့ပြီး တော်လှန်ရေးကောင်စီအစိုးရက မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားများနေ့အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြောင်း၊

မတ်လ ၂ ရက်နေ့ ဖြစ်ကြောင်း၊ အတိတ်သမိုင်းကို စိတ်ရိုင်းများဖြင့် အမုန်းတရား၊ အမုန်းစကားများ ဖြန့်ဝေလက်ဆင့်ကမ်းရန် မဟုတ်ကြောင်း၊ အမှန်တရားသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုမည် ဖြစ်သည့်အတွက် အာဏာသိမ်းခံရသည့် မတ်လ ၂ ရက်နေ့ သည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် ပြည်သူ့အစိုးရ၊ ပြည်သူ့လွှတ်တော်၊ လူမျိုးစု လွှတ်တော်များကို ဖျက်သိမ်းပစ်သည့် နေ့၊ ပြည်သူအပေါင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စတင်ဆုံးရှုံးရသည့် နေ့၊ အာဏာရှင်များ အောက် ပြည်သူ၊ ကျောင်းသား ပြားပြားမှောက်ရသည့် နေ့၊ တောင်သူလယ်သမားများ မျိုးစပါး၊ ဝမ်းစာစပါးပါမကျန် မြေသိမ်းခံရပြီး ဆင်းရဲမွဲတေခြင်းဒဏ်ကို ခါးစည်းခံရရန် အကြောင်းဖန်လာသည့် အာဏာရှင်မျိုးဆက်တို့၏ မွေးနေ့ကို တောင်သူလယ်သမားနေ့ အဖြစ် သတ်မှတ်ခြင်းသည် နိုင်ငံရေးစံတန်ဖိုး၏ အနှစ်သာရ ကင်းမဲ့လှသည့်အတွက်ကြောင့် ပြည်သူ့အစိုးရအနေဖြင့် ဖျက်သိမ်းပေးရန် နှောင့်နှေးကြန့်ကြာ မနေသင့်သည်ကို ဆွေးနွေးလိုကြောင်း၊

နိုင်ငံရေးကျွမ်းဝင်မှု (Political Socialization) သည် နိုင်ငံတည်ငြိမ် အေးချမ်းရန်အတွက် အလွန် အရေးပါကြောင်း၊ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းနေသည့် နိုင်ငံများတွင် အာဏာရှင်စနစ်မှ လာသည့် နိုင်ငံရေး ကျွမ်းဝင်မှုများကို ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုဖြစ်စေရန် ကြိုးစားပမ်းစား ပြောင်းလဲကြရခြင်း ဖြစ်ကြောင်း၊ တောင်သူလယ်သမား မိသားစုများတွင် ရှိသည် နိုင်ငံရေး ကျွမ်းဝင်မှုများကို သိသိသာသာ ပြောင်းလဲသွားနိုင်သည့် ဆောင်ရွက်ချက် တစ်ရပ်အနေဖြင့် ပြည်သူ့အစိုးရက တပ်မတော်က အာဏာသိမ်းသည့် မတ်လ ၂ ရက်နေ့ကို တောင်သူ လယ်သမားနေ့အဖြစ် သတ်မှတ်ထားခြင်းကို ဖျက်သိမ်းပေးရမည် ဖြစ်ကြောင်း၊ 

သမိုင်းကို လိမ်ညာ၍ မရကြောင်း၊ ဖျောက်ဖျက်၍ မရကြောင်း၊ မြန်မာနိုင်ငံ တောင်သူ လယ်သမားများ၏ ဘဝကို မှတ်တမ်းတင်မည်ဆိုပါက ဆရာစံနှင့် တောင်သူလယ်သမားများသည် ခွဲခြား၍ မရကြောင်း၊ သုပဏ္ဏက ဂဠုန်နရာဇာဘွဲ့ခံဆရာစံ တောင်သူလယ်သမားများ၏ ဘဝ သင်္ကေတနိမိတ်ပုံ ဖြစ်ကြောင်း၊ အင်္ဂလိပ်နယ်ချဲ့အစိုးရနှင့် ဘူလင်ဂျာဘူး ဟုခေါ်သည့် ထိုစဉ်က စပါး ဝယ်ယူခဲ့သည့် ကုမ္ပကြီးများ၏ ဖိနှိပ်ခံ၊ တောင်သူလယ်သမားများ၏ ဆင်းရဲနုံချာသည့် ဘဝကို ဖော်ထုတ်ပြီး တောင်သူလယ်သမား တော်လှန်ရေးတစ်ရပ်ကို ရဲရဲဝံ့ဝံ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သူသည် ဆရာစံ ဖြစ်ပါကြောင်း၊ သာယာဝတီခရိုင်၊ ရေတပ်ရွာမှစ၍ ၁၉၃၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တောင်သူလယ်သမားများ၏ ဘဝ လွတ်လပ်ရေး တိုက်ပွဲခေါ်သံကို စတင်ခဲ့ကြကြောင်း၊ သို့ပါ၍ ၁၉၃၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ကို တောင်သူလယ်သမားနေ့ အဖြစ် ပြင်ဆင်ပြောင်းလဲသတ်မှတ်ပေးရန် အကြံပြုပါကြောင်း၊

မတ်လ ၂ ရက်နေ့သည် တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ထားခြင်းကို ပယ်ဖျက်ပေးရန် နိုင်ငံအဝန်းရှိ တောင်သူ လယ်သမားများနှင့် ပြည်သူလူထုက ဆန္ဒရှိကြသည်ကို သိရှိကြပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ဗြိတိသျှနယ်ချဲ့ အစိုးရသည် ဆရာစံ ဦးဆောင်ပြီး တောင်သူ လယ်သမားများကိုယ်တိုင် စတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ကို တောင်သူလယ်သမားနေ့ အဖြစ် ပြောင်းလဲသတ်မှတ် အတည်ပြုပါရန် အစီအစဉ် ရှိ/မရှိကို  မေးမြန်းပါသည်။