(က)- ကျေးလက်ဆက်သွယ်ရေးဌာန (Multipurpose Community Telecentre) ၏ လုပ်ငန်းများ ရပ်ဆိုင်းနေပြီး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ပျောက်ဆုံးနေခြင်းနှင့် ပါတီအလံများထောင်ထားခြင်းတို့သည် တရားဝင်မှု ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဖွင့်လှစ်ခဲ့သော ကျေးလက်ဆက်သွယ်ရေးဌာန (Multipurpose Community Telecentre) ၏ လုပ်ငန်းများ ရပ်ဆိုင်းနေပြီး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ပျောက်ဆုံးနေခြင်းနှင့် ၎င်းအဆောက်အအုံတွင် ပါတီအလံများ ထောင်ထား ခြင်းတို့သည် တရားဝင်မှု ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် ကျေးလက်ဆက်သွယ်ရေးဌာန (Multipurpose Community Telecentre) ၏ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ပျောက်ဆုံးနေခြင်းနှင့် ၎င်းအဆောက်အအုံတွင် ပါတီအလံများထောင် ထားခြင်းတို့သည် တရားဝင်မှု ရှိ/မရှိ သိရှိလိုသည့်အတွက် မေးမြန်းသွားမည်ဖြစ်ကြောင်း၊
၁၉၉၈ ခုနှစ်၊ မော်လတာနိုင်ငံ၊ ဗယ်လက်တာမြို့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေးအဖွဲ့ချုပ်(International Telecommunication Union-ITU) အစီအစဉ်နှင့် ကျေးလက်ဒေသ ဆက်သွယ်ရေး စီမံကိန်း(Rural Telecommunication Project) ရေးဆွဲခဲ့ပြီး ဖွံ့ဖြိုးမှု နောက်ကျနေသည့် နိုင်ငံများတွင် ကျေးလက်ဆက်သွယ်ရေးဌာန (Multipurpose Community Telecentre) ထူထောင်ပေးရန် လျာထားသတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းအစီအစဉ်အရ မြန်မာနိုင်ငံ လှည်းကူးမြို့နယ် ဖောင်ကြီးဒေသတွင် ကျေးလက်ဆက်သွယ်ရေး ဌာနတစ်ခု တည်ဆောက်ရန် ရွေးချယ်ခြင်း ခံခဲ့ရကြောင်း၊ ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၅-၁-၂၀၀၄ ခုနှစ်တွင် စက်များ တပ်ဆင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၎င်းအဆောက်အအုံကို ကျေးရွာပိုင် မြေနေရာနှင့် ပြည်သူလူထုထည့်ငွေများနှင့်အတူ ဌာနဆိုင်ရာအကူအညီများဖြင့် ပူးပေါင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊
ကျေးရွာနေ ပြည်သူလူထုများ၊ သင့်တင့်သော နှုန်းထားများဖြင့် ခေတ်မီဆက်သွယ်ရေး အထောက်အကူပစ္စည်းများကို အသုံးပြုနိုင်ရန် ရည်ရွယ်တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ကြီးကြပ်မှု ကော်မတီသည် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်မှုအဖွဲ့ချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ဗဟိုသမဝါယမကောလိပ်၊ ရန်ကုန်တိုင်းဒေသကြီး (မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း) လှည်းကူးမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ ပါဝင်ကြ ကြောင်း၊ ကျေးလက်ဆက်သွယ်ရေးဌာန၏ လျာထားလုပ်ငန်းများသည် Environment Monitoring Tele-education Tele Medicine၊ Trade and Business Communication Support၊ Government and Community Information Teleworking တို့ ဖြစ်ကြောင်း၊ ဖွင့်လှစ် သင်ကြားခဲ့သည့် သင်တန်းများများသည် ကွန်ပျူတာအခြေခံသင်တန်း၊ Email and Internet အသုံးပြုပုံ၊ အဆင့်မြင့်ကွန်ပျူတာသင်တန်း၊ စာစီစာရိုက်(DVD Course)တို့ ဖြစ်ကြောင်း၊ ITU က ထောက်ပံ့ပေးသည့် ပစ္စည်းများသည် ကွန်ပျူတာများအပါအဝင် ဆက်စပ်ပစ္စည်း ၁၈ မျိုး ပါဝင်ကြောင်း၊ အမေရိကန် ဒေါ်လာ ၂၇၄၃၅ ဖြစ်ကြောင်း၊ ၎င်း ၂၀၀၄ ခုနှစ် အချိန်တွင် ကွန်ပျူတာကို ရှားရှားပါးပါးတွေ့မြင်ရသည့် ကာလဖြစ်ကြောင်း၊ လက်ကိုင်ဖုန်းများသည်လည်း တွင်တွင်ကျယ်ကျယ် မပေါ်သေးကြောင်း၊ ထိုအချိန်တွင် ကျေးလက်နေအများပြည်သူများကို တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှု၊ Internet၊ Email၊ Intranet ဝန်ဆောင်မှုလုပ်ငန်းများ၊ ကွန်ပျူတာ၊ Email၊ Internet သင်တန်းများ၊ စာစီစာရိုက်၊ မိတ္တူ၊ ဓာတ်ပုံရိုက်ကူး လုပ်ငန်းများကို သင့်တင့်သည့် ဈေးနှုန်းဖြင့် ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း၊ အကျိုးကျေးဇူးသည် ဒေသအတွင်း အဖွဲ့အစည်းများ၊ ကျောင်းသား/ကျောင်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှု ကိစ္စများကို အထောက်အကူပြုပြီး ခေတ်မီ ICT နည်းပညာကို လူငယ်၊ လူရွယ်များ စောစီးစွာ ထိတွေ့အသုံးချခွင့်ရရှိပြီး မြန်မာနိုင်ငံ၏ အနာဂတ် e-Government ထူထောင်ရေး လုပ်ငန်းကို များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း၊
ဖောင်ကြီးဒေသ ကျေးလက်ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၀၆ ခုနှစ်တွင် ရပ်ဆိုင်းသွားပါကြောင်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများသည်လည်း မရှိတော့ကြောင်း၊ ထို့ကြောင့် ITU မှ ထောက်ပံ့ ပေးထားသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ဆက်သွယ်ရေးဦးစီးဌာနက သိမ်းထား ပါသလား သို့မဟုတ် ပျောက်ဆုံးသွားပြီလား၊ ပျောက်ဆုံးသွားသည်ဆိုပါက ဥပဒေအရ အရေးယူ ဆောင်ရွက်မှုရှိပါသလား သိရှိလိုပါကြောင်း၊ ထို့ပြင် ကျေးရွာပိုင်မြေပေါ်တွင် ကျေးရွာ ပြည်သူလူထုငွေဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံအား ပြည်သူလူထုကို ပြန်လည် အပ်နှံရန် ရှိ/မရှိ သိလိုပါကြောင်း၊ ထို့အတူ ပါတီဆိုင်းဘုတ်နှင့် အလံများ စိုက်ထူထားခြင်းသည် တရားဝင်မှု ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။