(ဃ)-သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော သနပ်ပင်-ကျွဲတဲလမ်းပေါ်ရှိ အမှတ်(၁၂)၊ (၁၀၀ x ၁၂)ပေ သံပေါင်သစ်သားခင်းတံတားအား သံကူကွန်ကရစ်တံတားအဖြစ် ပြန်လည် တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
သနပ်ပင်-ကျွဲတဲလမ်းသည် သနပ်ပင်မြို့နယ်၏ ဗဟိုအချက်အချာတွင်တည်ရှိပြီး ကျေးရွာပေါင်း ၄၀ ကျော်ကို ဆက်သွယ်သွားလာရသော A-6 လမ်းဖြစ်ပါကြောင်း၊ ယင်းလမ်းပေါ်က ဉာဏ်ကျွန်းနှင့် သံကြိုးဝိုင်းကျေးရွာအနီးရှိ တံတားအမှတ် (၁၂)၊ (၁၀၀ x ၁၂)ပေ သံပေါင်သစ်သားခင်းတံတားသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံသောကြောင့် ရေတိုက်စားပြီး ကျိုးကျပျက်စီးသွားခဲ့ရပကြောင်း၊ ယင်းတံတားပျက်စီးသွားသောကြောင့် သနပ်ပင်-ကျွဲတဲလမ်းတစ်လျှောက်တွင် ဆက်သွယ်ထားသော ကျေးရွာပေါင်း ၄၀ ကျော်အတွက် အခက်အခဲ များစွာကြုံတွေ့နေရပါကြောင်း၊ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများအတွက် သွားလာရာ ခက်ခဲသွားရသလို ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူများအတွက် ကျန်းမာရေးမကောင်းသည့် သက်ကြီးရွယ်အိုများ၊ မီးဖွားရန်ခက်ခဲသည့်အရေးပေါ်လူနာများအတွက် အလွန်ပဲစိုးရိမ်စရာဖြစ်ပါ ကြောင်း၊ ထို့အပြင် ဒေသအတွက် မြို့ကဝယ်ရသောပစ္စည်းများကဈေးကြီးသွားပြီး ဒေသထွက်ကုန် များက အလွန်ပဲဈေးနည်းစွာနိမ့်ကျစွာရောင်းချရပါကြောင်း၊
လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်း၊ ပြတ်တောက်သွားသောကြောင့် မြို့နှင့် ကျေးရွာများအတွက် ဆက်သွယ်ရေးခက်ခဲသွားပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက်ပါ များစွာထိခိုက်နစ်နာနေရသည့်အတွက် ယင်းသဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော သနပ်ပင်-ကျွဲတဲလမ်းပေါ်ရှိတံတားအမှတ်-၁၂ အား အမြန်ဆုံးပြန်လည်တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်မေးမြန်းပါသည်။