(ခ)-၂၀၁၆ခုနှစ်၊ ဩဂုတ်လတွင် အတည်ပြုခဲ့သည့် e-government Master Plan (၂၀၁၆-၂၀၂၀) ကို ဝန်ကြီးဌာနများ နှင့် ပူးပေါင်းဆောင်ရွက်၍မည်သည့်အချိန်တွင်အကောင်အထည် ဖော်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-31

 

e-Government ဆိုသည်မှာ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများက ICT နည်းပညာကို အသုံးပြု၍ သုံးစွဲသူပြည်သူများ၊ ဌာနဆိုင်ရာများနှင့် အခြားအဖွဲ့အစည်းပေါင်းစုံများကို Internet မှတစ်ဆင့် ထိရောက်မြန်ဆန်စွာ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် e-Government စနစ်ကိုဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်လာသည်မှာ ယခုဆိုရင် (၁၀)စုနှစ်ကျော်နေပြီဖြစ်ပါ ကြောင်း၊  သို့သော် ယခင်ရေးဆွဲခဲ့သည့် ICT Master Plan များသည် ICT ကဏ္ဍဖွံ့ဖြိုးရေးကိုသာ ဦးစားပေးထားသည့်အတွက် ၂၀၁၆ ခုနှစ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ Myanmar  e-Government Master Plan(2016-2020)ကို ရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ တွင် အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ရေးဆွဲသည့်နေရာတွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက် သည့်နေရာတွင် e-Government သည် အဓိကအရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည့် အတွက် ဆောင်ရွက်ရခြင်းဖြစ်သည်ဟုဖော်ပြထားပါကြောင်း၊

e-Government လုပ်ငန်းစဉ်များသည် နိုင်ငံ၏ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုအစရှိ သည့့်လုပ်ငန်းများကိုဖော်ဆောင်ရန်အတွက် အရေးပါသည့်လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ ၎င်း လုပ်ငန်းစဉ်များကို အလျင်အမြန်ဖော်ဆောင်နိုင်မည်ဆိုပါက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် ပိုပြီး မြန်ဆန်သွက်လက်လာမည်ဖြစ်ပါကြောင်း၊ ICT အရေးပါသည့်ပညာတစ်ခု၊ အကောင်းဆုံးအရင်း အနှီးဖြစ်ပြီး စီးပွားရေး၏အရေးကြီးဆုံးအရင်းအမြစ်အဖြစ် နိုင်ငံတကာမှ လက်ခံထားပါကြောင်း၊

မြန်မာနိုင်ငံ၏ပထဝီအနေအထားပျံ့နှံ့နေမှု၊ လူမှုစီးပွားရေးကွဲပြားနေမှုများကို e-Government စနစ် အသုံးပြုပြီး ထိထိရောက်ရောက်စီမံခန့်ခွဲပြီး ဆောင်ရွက်သွားနိုင်သည့်အခွင့်အရေးများ ရှိပါကြောင်း၊ ထို့ကြောင့် မိမိသိလိုသည်မှာ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် အတည်ပြုခဲ့သည့် e-Government Master Plan ကို ဝန်ကြီးဌာနများအချင်းချင်းပူးပေါင်း ဆောင်ရွက်မှုအခြေအနေ၊ Master Plan တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်သည့် အဆင့်များ၊ တွေ့ကြုံခဲ့ရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ မည်သည့်အချိန်တွင် e-Government စနစ်ကိုပြည့်ပြည့်စုံစုံ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါ သည်။