(ခ)-ဒလမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်အသစ်(၂၀၀ x ၃၀) ပေ နှစ်ထပ်ဆောင်နှင့် ညောင်ပင်ကျေးရွာအုပ်စု၊ ဂတ်ရွာတွင်မူလတန်းကျောင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဒလမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား ၂၀၀၆ ဦးရှိပြီး စာသင်ခန်း ၂၂ ခန်း ရှိပါကြောင်း၊ သို့သော် စာသင်ခန်းတစ်ခန်းသည် ကျောင်းသား ၄၀ ကျော်သာ သင်ကြားနိုင်သော်လည်း လက်တွေ့တွင် ကျောင်းသူကျောင်းသား ၈၀ ကျော်နှင့် ကြပ်တည်းစွာ ပညာသင်ကြားနေကြရပါကြောင်း၊ အဓိကပြဿနာမှာ ကျောင်းသား ဦးရေနှင့် စာသင်ခန်း မလုံလောက်ခြင်းကြောင့် နှစ်ချိန် ကျောင်းဖြင့်ပညာသင်ကြား ပေးနေ ရခြင်း ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသားဦးရေအရ စာသင်ကြား ပေးနိုင်ရန် အလျား ၂၀၀ ပေ၊ အနံ ၃၀ ပေရှိ တိုးချဲ့နှစ်ထပ် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်က သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိ ရပါကြောင်း၊ မြေပိုင်ဆိုင်မှု ပုံစံ-၁၀၅ လည်းရပြီး ဖြစ်ပါကြောင်း၊ သို့သော်အဆိုပါ မြေ နေရာတွင် ယနေ့တိုင် အကောင်အထည်မဖော်နိုင်သေးကြောင်း ကျောင်းကိုသွားရောက် လေ့လာရာတွင် သိခဲ့ရပါကြောင်း၊
ဒလမြို့နယ်၊ ညောင်ပင်ကျေးရွာအုပ်စု၊ ဂတ်ရွာရှိ မူလတန်းကျောင်းသူ ကျောင်းသားများ အတွက် အစိုးရကျောင်းဆောင်မရှိပါကြောင်း၊ ရွာကကျောင်းသူကျောင်းသားများသည် နီးစပ်ရာရွာများ ဖြစ်သော ငါးဖော်၊ ညောင်ပင်၊ အနိုးချောင်ကြီးစသည့် ရွာများသို့ ကျောင်းတက်ရန် မိုးတွင်း ကာလရေရှိချိန်တွင် လှေ၊ သမ္ဗန်များဖြင့်အသက်အန္တရာယ်ကို ရင်း၍ လည်းကောင်း၊ နွေတွင် သင်းရိုးနှင့်လယ်ကွင်းကို ဖြတ်ပြီး ခက်ခဲပူပြင်းမှုနှင့် မြွေဆိုး၊ ပိုးမွှားအန္တရာယ်ကို အမှုမထားဘဲ သွားရောက်ပညာသင်ကြား နေရပါကြောင်း၊ ရွာတွင် မူလတန်းကျောင်းသားဦးရေ၊ ကျောင်းသူဦးရေ ၃၇ ဦးထိရှိကြောင်း ရွာဆင်းသည့်အခါတွင် သိခဲ့ရပါကြောင်း၊
ထူးခြားသည်မှာ ဂတ်ရွာရှိရွာမိရွာဖ၊ ကျောင်းသားမိဘများက ပညာရေးအတွက် အလွန် စိတ်ထက်သန်တက်ကြွကြသည့်အတွက် ရွာတွင်အစိုးရက စာသင်ကျောင်းဆောက်ပေးရန် မြို့နယ် ပညာရေးမှူးရုံးသို့လိပ်မူပြီး အကူအညီတောင်းကြသည့်အပြင် ဒလမြို့နယ်ဆိုင်ရာ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံသို့လည်း စာဖြင့်ပေးပို့တင်ပြခဲ့ကြ ပါကြောင်း၊ မြေအလှူရှင် ဒေါ်စန်းရီကလည်း ကျောင်းဆောက်ရန်အတွက် ၎င်းပိုင်မြေကို စာချုပ်ချုပ်ဆို လှူဒါန်းထားသည့်အပြင် အဆိုပါမြေပေါ်တွင် ရွာသူရွာသားများက အလျား ပေ ၄၀၊ အနံပေ ၂၀ ရှိ ဓနိမိုး၊ ထရံကာထားသော ကိုယ်ထူကိုယ်ထဆောက်ပြီး ရွာကလေး များစာသင်နိုင်ရန် ဆရာ ဆရာမများလည်း ငှားရမ်းပြီးဖြစ်သည်ဟု သိရပါကြောင်း၊ သို့သော် ပညာရေးဌာနက ထိရောက်သည့်အကူအညီများ ပေးခြင်းမရှိသည့်အတွက် မိမိထံ ဆက်လက် အကူအညီ တောင်းလာခြင်းဖြစ်ကြောင်း၊
ထို့ကြောင့် အ.ထ.က(၄) ဒလနှင့် ဒလနှစ်ထပ်တိုးချဲ့ကျောင်းဆောင် ဆောက်လုပ်ရန်နှင့် ဂတ်ရွာရှိ လှူဒါန်းပြီးမြေပေါ်တွင်မူလတန်းကျောင်းဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။