(င)-မြစ်သားမြို့ ဘေးကပ်လျက်ရှိ စမာရေလွှဲဆည် အား အပြီးတိုင်ဖျက်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-04

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်စမာရေလွှဲဆည်သည် ဆည်စဆောက်သည့်အခါ မဖြစ်မနေ လုပ်ဆောင်ရမည့်ဆည်ကြောင့် သဘာဝ ပတ်ဝန်းကျင်အပေါ်၊ ဂေဟစနစ်များအပေါ်၊ သက်ရှိမျိုးစိတ်များအပေါ်၊ ဒေသခံလူမှုဘဝအပေါ်၊ ဒေသခံများ၏ ကျန်းမာရေးအပေါ် မည်သို့ သက်ရောက်မည်ဆိုသည့် စစ်တမ်းများ ဖြစ်သော EIA, SIA, HIA စသည့် စစ်တမ်းများ လုံးဝ ကြိုတင်ကောက်ယူခြင်းမရှိခဲ့ပါကြောင်း၊ ထို့ကြောင့် မြစ်သားမြို့ပေါ် ၆ ရပ်ကွက်အပါအဝင် အနီးရှိရွာများရှိ ဒေသခံများ ဒုက္ခရောက်ကြရပါကြောင်း၊ ဆည်တွင် လှောင်သည့်ရေသည် သဘာဝအတိုင်း စီးဆင်းသည့်ရေမဟုတ်ဘဲ စိုက်ပျိုးရေ၊ စွန့်ပစ်ရေများကို ပြန်လည်သိုလှောင်သည့်အတွက် မြေဩဇာ၊ ဘိလပ်မြေ၊ ပိုးသတ်ဆေးများ စသည့် ဓာတုဗေဒ ပစ္စည်းများစွာ ပါသည့်အတွက် အနီးတစ်ဝိုက်က သောက်ရေ၊ သုံးရေအားလုံး ညစ်ညမ်းကုန်ပါကြောင်း၊ မသန့်သည့်ရေကြောင်‌့ ကူးစက်ရောဂါအပါအဝင် နာတာရှည်ရောဂါများစွာ ခံစားရပါကြောင်း၊

မြို့ဘေးတည့်တည့် ဆည်ရောက်လာသည့်အတွက် မြစ်သားမြို့ပေါ်အပါအဝင် အနီးအနားရွာများက စွန့်ထုတ်သည့်ရေများက မထွက်နိုင်ရာ အထူးသဖြင်‌့မိုးရာသီတွင် ရေကြီးရေလျှံ၊ ရေဝပ်မှုများ အကြိမ်ကြိမ်ဖြစ်ခဲ့ပါကြောင်း၊ မြစ်သားမြို့တွင်  ဆည်မတည်ခင်က ယခုကဲ့သို့ တစ်ခါမှ မဖြစ်ခဲ့ဖူးပါကြောင်း၊ ထို့နောက် နုန်းထိုင်ပြီး ဆည်ရေမျက်နှာပြင် မြင့်တက်လာသည့်အခါ ဘေးနားကပ်လျက်ရပ်ကွက်များ၊ ရွာများတွင် ရေတွင်း၊ အိမ်သာကျင်း၊ အဆောက်အဦဆောက်ရန် ဖြစ်စေ တွင်းတူးပါက သုံးပေခန့်တွင် ရေထွက်လာပါကြောင်း၊ သို့သော် ထွက်လာသည့်ရေက မသန့်ရှင်းပါကြောင်း၊

မြို့ဘေးဆည်ရောက်လာသည့်အခါ ဂရန်ပေါက်မြေကွက်များ အပါအဝင် တော်တော်များများ ပြောင်းရွှေ့ပေးရပြီး လက်ရှိက လက်မဲ့ဖြစ်ပါကြောင်း၊ မြို့ပတ်လည်က မြေကွက်များအကုန်လုံး ရေဝပ်ဆုံးရှုံးကြရပါကြောင်း၊ စိုက်ပျိုးမြေဧက ၃၀ ကျော်က ရေဝပ်ဧရိယာထဲတွင် ပါသွားပါကြောင်း၊ ထို့အပြင် မိုးရာသီ၌ ဆည်ရေထောက်၌ ရေကြီးပြီး ဧကရာနှင့်ချီပြီး သီးနှံများ ပျက်စီးဆုံးရှုံးရပါကြောင်း၊

အထက်ပါအချက်များကြောင့် စမာရေလွှဲဆည်ကို မြစ်သားတစ်မြို့လုံးအပါအဝင် အနီးအနားရွာများက လုံးဝမထောက်ခံကြပါကြောင်း၊ နည်းမျိုးစုံဖြင့် အမျိုးမျိုး ကန့်ကွက်ခဲ့ကြပါကြောင်း၊ အကျိုးဖြစ်ထွန်းမှု မရှိသလောက်နည်းသော၊ ဒုက္ခပေါင်းစုံပေးသည့် ဆည်ကြီးကို ဖျက်သိမ်းရန်အတွက် မြို့က ဆန္ဒပြတောင်းဆိုသည်အထိ ဖြစ်ခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ ငြိမ်းစုစီဥပဒေပြဋ္ဌာန်းပြီးကာစ မြန်မာနိုင်ငံ၏ ပထမဆုံးလူထုဆန္ဒပြပွဲဟု ပြော၍ရသည့် စမာရေလွှဲဆည် အပြီးတိုင်ဖျက်သိမ်းရေးဆန္ဒပြပွဲကို မြစ်သားတစ်မြို့လုံးက တစ်ခဲနက် ထောက်ခံဝိုင်းဝန်းပေးခဲ့ကြပါကြောင်း၊

သို့ဖြစ်ပါ၍ (၁) EIA, SIA, HIA စစ်တမ်းကောက်ယူခြင်းမရှိခဲ့သော ဒေသခံများ၏ သဘောတူညီချက် လုံးဝမရှိသော ဆည်ရေလှောင်မှုကြောင့် ဒုက္ခမျိုးစုံပေးသော ပြည်သူမလိုလားသည့် စမာရေလွှဲဆည်အား အပြီးတိုင်ဖျက်သိမ်းရန် အစီအစဉ်ရှိ/မရှိ၊ (၂) ဖျက်သိမ်းရန်အစီအစဉ်မရှိပါက အဆိုပါရေလွှဲဆည်ရေတံခါးအား ၁၂ ရာသီပတ်လုံးဖွင့်ထားပြီး ရေသိုလှောင်ခြင်း မပြုလုပ်ရန် အစီအစဉ်ရှိ/မရှိ၊ (၃) အထက်ပါအစီအစဉ်များ မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။