(စ)-ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးတို့ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အခန်း(၅)ပါ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက မည်သို့ အရေးယူ ဆောင်ရွက်မည်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-31

(စ)-ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးတို့ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အခန်း(၅)ပါ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက မည်သို့ အရေးယူ ဆောင်ရွက်မည်နှင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူခြင်း ခံရပါက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ခွင့်ပြုချက် လို/မလို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

 

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများကို ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်(၁)ဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ ပထမအကြိမ် ပြင်ဆင်သည့် ဥပဒေကို ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၇)ဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၃)ဖြင့် လည်းကောင်း၊ တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်(၄၁)ဖြင့်လည်းကောင်း ပြဋ္ဌာန်းခဲ့ကြောင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ကို ဥပဒေနှင့်အညီ အိမ်ထောင်စု ကိုယ်စားလှယ်များက ရွေးချယ်ခဲ့ကြကြောင်း၊

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နုတ်ထွက်ခြင်း၊ တာဝန်မှ ယာယီ ရပ်စဲခြင်း သို့မဟုတ် ရပ်စဲခြင်းနှင့် အစားထိုး ခန့်အပ်ခြင်းကို ဥပဒေအခန်း(၈) ပုဒ်မ ၁၄၊ ၁၅၊ ၁၆ တို့တွင် ပြဋ္ဌာန်းထားကြောင်း၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးတို့အတွက် ပြဋ္ဌာန်းချက် ပါရှိသည်ကို မတွေ့ရကြောင်း၊ ကျေးရွာအုပ်စုတွင် ကျေးရွာတစ်ရွာမှ ကျေးရွာများ ပါဝင် နိုင်ကြောင်း၊ ကျေးရွာအုပ်စုတွင် ပါဝင်သည့် ကျေးရွာများသည် အိမ်ထောင်စု ၃၀၀ ကနေ ၄၀၀ ကျော်ထိ ရှိနိုင်ကြောင်း၊ တစ်ရွာနှင့် တစ်ရွာလေးမိုင်၊ ငါးမိုင် ကွာဝေးနိုင်ကြောင်း၊ ထို့ကြောင့် ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးတို့သည် ကျေးရွာ အုပ်ချုပ်ရေးမှူးကဲ့သို့ အရေးပါ အရာရောက်ပါကြောင်း၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးတို့ ဥပဒေ အခန်း(၅)ပါပြဋ္ဌာန်းချက် ကို ဖောက်ဖျက်ပါက ဥပဒေအခန်း (၈)ပါ ပြဋ္ဌာန်းချက်သည် အုပ်ချုပ်ရေးမှူးအတွက်သာ ဖြစ်၍ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးတို့ကို အရေးမယူနိုင်ဟု ပါရှိကြောင်း၊

သို့ဖြစ်ပါ၍ (က) ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးတို့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ အခန်း(၅)ပါ လိုက်နာစောင့်ထိန်းရမည့် တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက မည်သို့ အရေးယူ ဆောင်ရွက်မည်၊ ဥပဒေအခန်း(၈)ပါ ပြဋ္ဌာန်းချက်ဖြင့် အရေးယူ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ (ခ) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူခြင်း ခံရပါက အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန၏ ခွင့်ပြုချက် လို/မလိုတို့နှင့်စပ်လျဉ်း သိရှိလိုပါကြောင်းမေးမြန်းပါသည်။