(ဃ)- မူလပိုင်ရှင်များသို့ ပြန်လည်အပ်နှံပြီးသည့် မြေဧကများကို ပြန်ကြားပေးရန်နှင့် ပြန်လည်အပ်နှံသည့်မြေယာများကို မူလပိုင်ရှင်များသို့ အပ်နှံခြင်းမပြုဘဲ နိုင်ငံတော်စီမံကိန်း အသုံးပြုရန်ဆောင်ရွက်ခဲ့ခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
(ဃ)-တပ်မတော်အစိုးရလက်ထက်ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများ၏ လုပ်ငန်းများအတွက် သိမ်းဆည်းခဲ့သည့် မြေယာများအနက် ယခုအချိန်ထိ မူလပိုင်ရှင်များသို့ ပြန်လည်အပ်နှံပြီး သည့် မြေဧကများကို ရှင်းလင်းပြန်ကြားပေးရန်နှင့် ပြန်လည်အပ်နှံသည့်မြေယာများကို မူလပိုင်ရှင်များသို့သာ တိုက်ရိုက်အပ်နှံရန် တာဝန်ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်း သက်ဆိုင်ရာဌာနများက ပြန်လည်အပ်နှံသည့်မြေယာများကို မူလပိုင်ရှင်များသို့ တိုက်ရိုကအပ်နှံခြင်းမပြုဘဲ နိုင်ငံတော်စီမံကိန်း အကျိုးပြုလုပ်ငန်းများ အသုံးပြုရန် တင်ပြ ဆောင်ရွက်ခဲ့ခြင်းကို ရှင်းလင်းဖြေကြားပေးရန်တို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ယခုမေးခွန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကမေးမြန်းထားသည်မှာ ယနေ့အထိဆိုပါက ၁၁ လခန့် ကြာနေပြီ ဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၄၆ တွင် မေးခွန်းကို ၁၄ ရက်အတွင်း ဖြေကြားပေးရမည်ဆိုသော်လည်း လုပ်ငန်းသဘာဝ၏ခက်ခဲမှုကို နားလည်မှုပေးပြီး သုံးလ၊ လေးလအချိန်ကြာမြင့်သည်ကို မပြောလိုသော်လည်း ၁၁ လကြာမြင့်သည်ကိုတော့ များစွာ စိတ်မသက်မသာ ဖြစ်မိပါကြောင်း၊ တပ်မတော်အစိုးရကာလက ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများ၏ လုပ်ငန်းများအလို့ငှာ မြေယာများကို သိမ်းဆည်းခဲ့ကြပါကြောင်း၊ ဥပဒေအရ လုပ်ဆောင်ခဲ့သော်လည်း လိုအပ်သည်ထက် ပိုမိုသိမ်းယူခဲ့သော်လည်း လက်တွေ့လုပ်ငန်း မဆောင်ရွက်ခြင်းများ တွေ့ရှိရပါ ကြောင်း၊ ထို့ကြောင့်လည်း ဒီမိုကရေစီ ရှေ့ဦးကာလဖြစ်သော သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပိုလျှံမလိုအပ်သောမြေများကို နိုင်ငံတော် ပြန်အပ်ရန် လွှတ်တော်ကလည်း တောင်းဆိုလာသည့်အတွက် ဝန်ကြီးဌာနများရော ပုဂ္ဂလိကပါ နိုင်ငံတော်ကို ဧကပေါင်း သိန်းချီပြီး ပြန်လည်အပ်နှံခဲ့ပါကြောင်း၊ ၎င်းအစိုးရခေတ်က မြေဆီပိုကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးစီးပြီး အပ်နှံသည့်မြေများကို မူရင်းပိုင်ရှင်ထံ ပြန်လည် အပ်နှံရေးကို စနစ်တကျ မြန်ဆန်သွက်လက်စွာ ဆောင်ရွက်ခဲ့ပါကြောင်း၊ တပ်မတော်အစိုးရ လက်ထက်တွင် လုပ်မှား၊ ကိုင်မှား ရှိခဲ့သည်များကို ပြည်/ခိုင်/ဖြိုးအစိုးရလက်ထက်တွင် အချိန်မီ ပြုပြင်အဖတ်ဆယ်နိုင်ခဲ့ပါကြောင်း၊ သို့သော် လုပ်ငန်းစဉ်က ကြီးမားကျယ်ပြန့်သည့်အတွက် ကျန်ရှိခြင်းများရှိနိုင်ပါသေးကြောင်း၊ ယခုအစိုးရလက်ထက်တွင်လည်း ဒုတိယသမ္မတတစ်ဦးက ၎င်းကိစ္စကို တာဝန်ခံဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ တီဗွီတွင်လည်း သတင်းကြေညာပြီး နိုင်ငံတော်သမ္မတရုံး၏ မြေယာနှင့်ပတ်သက်သော မူဝါဒကို မိမိတို့ နားထောင်ခဲ့ကြပြီး ဖြစ်ပါကြောင်း၊ နံပါတ် (၂) အချက်တွင် စွန့်လွှတ်မြေများအား နှောင့်နှေး ကြန့်ကြာမှု မရှိစေဘဲ မူလပိုင်ရှင်များထံကို အမြန်ဆုံးအပ်နှံသွားရန် ဖော်ပြထားပါကြောင်း၊ နံပါတ် (၄) အချက်တွင် သိမ်းဆည်းခံမြေများကို သက်ဆိုင်ရာကော်မတီများကစိစစ်ပြီး ပိုင်ရှင်များထံ ပြန်ပေးသည့်နေရာများတွင် အနှောင့်အယှက်ဖြစ်အောင်လုပ်သူများ၊ ကြန့်ကြာ အောင်လုပ်သူများကို အရေးယူရန် ပြောကြားထားပါကြောင်း၊ သို့သော် ထိုကဲ့သို့လုပ်နေသူများ ကိုယ်တိုင်က တိုင်းဒေသကြီးအစိုးရဖြစ်နေသည့်အတွက် ပြည်သူများမှာ ငိုကြွေးရုံကလွဲပြီး ဘာမှမတတ်နိုင်ပါကြောင်း၊ အတိုဆုံးနှင့်အရှင်းဆုံး ပြောရမည်ဆိုပါက ဝန်ကြီးဌာနက ပုဂ္ဂလိကကို ပြန်ပေးသည့်မြေများကို တိုင်းဒေသကြီးအစိုးရက မူလပိုင်ရှင်များထံ စွန့်လွှတ်မြေ အားလုံးတိုက်ရိုက်ပြန်မပေးဘဲ မူလလယ်မြေများကို အခြားရေးသုံးစွဲခွင့်ပြုပြီး ၂၀ ရာခိုင်နှုန်းကို ပိုင်ရှင်ပေးမည်၊ ၈၀ ရာခိုင်နှုန်းကို တိုင်းဒေသကြီးအစိုးရကယူမည် ဆိုသည့် ကိစ္စဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် ဇွန်လက သမ္မတရုံးကို လယ်မြေများသိမ်းယူပြီး အစိုးရက ၈၀ ရာခိုင်နှုန်း၊ မြေစာရင်းက ၂၀ ရာခိုင်နှုန်းခွဲယူရန် သမ္မတရုံးကို တင်ပြထားသည့်စာ မိမိတွင်ရှိပါကြောင်း၊ သမ္မတရုံးက ဩဂုတ်လတွင်မူအားဖြင့် သဘောတူသည်ကို ပြန်ကြားခဲ့ ပါကြောင်း၊ ခွင့်ပြုချက်တွင် Cross တစ်ခု ပါရှိပါကြောင်း၊ မြေယာပိုင်ရှင်များနှင့် သဘော တူညီချက်ရယူပြီးဟု ဖော်ပြထားပြီး ဝိနည်းလွတ်လုပ်သည်ဟု နားလည်ပါကြောင်း၊ လွှတ်တော် တွင် အတည်ပြုပြီးဖြစ်သော မြေသိမ်းဥပဒေတွင် ပြည်ထောင်စုအစိုးရကသာ မြေသိမ်းခြင်းကို ဆောင်ရွက်နိုင်ပြီး ယခုကဲ့သို့ တိုင်းဒေသကြီးအစိုးရကို Link ချိတ်ပေးသည်မှာ ဥပဒေနှင့် မညီဘူးဟု ပြောလိုပါကြောင်း၊ စမ်းကြီးဝင်းနှင့်ထောက်ကြံ့ကွေ့တွင် တပ်မတော်က သိမ်းယူ ထားသော မြေဧက ထောင်ကျော်ကို တပ်မတော်က ပြန်ပေးပါကြောင်း၊ သမ္မတရုံးကို တင်ပြသည့်စာတွင် တောင်သူက ၂၀ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးအစိုးရက ၈၀ ရာခိုင်နှုန်း ခွဲဝေယူရန်အတွက် တင်ပြသည့်စာထဲတွင် စမ်းကြီးဝင်းနှင့် ထောက်ကြံ့ကွေ့ မပါပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး မင်္ဂလာဒုံလွှတ်တော် ကိုယ်စားလှယ်ကပါ တောင်သူများဘက်က ရပ်တည်ပြီး အားလုံးပြန်ပေးရန်ပြောသည့်အခါ ၂၀ ရာခိုင်နှုန်းသာပေးမည်၊ အဆိုပါနည်းလမ်းကို လက်မခံပါကမရဘူးဆိုပြီး ခြိမ်းခြောက်မှုများဖြင့် လုပ်ဆောင်ခဲ့သည်မှာ Social Media တွင် အုတ်အော်သောင်းနင်းပါရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းလွှတ်တော်ကိုယ်စားလှယ်က မကြာသေး ခင်က ရန်ကုန်ခေတ်သစ်မီဒီယာနှင့် တွေ့ဆုံဆွေးနွေး ခြင်းများကိုလည်း လေ့လာပြီးဖြစ် ပါကြောင်း၊ ၎င်းပြောကြားသည်မှာ အဆိုပါကိစ္စကို သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံကို တင်ပြပြီးဖြစ်သည်ဟုလည်း သိရပါကြောင်း၊ ၎င်းကိုယ်စားလှယ်က လွှတ်တော်ကိုမတင်ပြ သည်မှာ မိမိနားမလည်နိုင်ပါကြောင်း၊ ထို့ကြောင့် အစိုးရဆိုသည်မှာ အစသာရိုးပါကြောင်း၊ ပါးစပ်ကဘုရားဘုရား လက်ကကားရားကားရား ဆိုသည့် ပြည်သူများ၏ ဝေဖန်သံများ နားနှင့် မဆံ့အောင်ကြားနေရသည့်အတွက် ၎င်းမေးခွန်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က မိမိမေးမြန်းခဲ့ရခြင်းဖြစ်ပါကြောင်း၊ စမ်းကြီးဝတွင် တပ်မတော်က စွန့်လွှတ်မြေ ၇၀၀ ကျော်နှင့် သမ္မတကြီးဦးသိန်းစိန်အစိုးရလက်ထက်တွင် ပိုင်ရှင် ၁၈ ဦးကို ၉၂ ဧကကျော် ပြန်လည် ပေးအပ်ပြီး ဖြစ်ပါကြောင်း၊ စုစုပေါင်း ကျန်ရှိသည်မှာ ၆၀၀ ကျော် ဖြစ်ပါကြောင်း၊ လက်ရှိအစိုးရ ကာလတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် တပ်မတော်က ပြန်အပ်ထားသည့်မြေ တစ်ဧကမျှ ပိုင်ရှင်ထံ ပြန်မပေးသေးပါကြောင်း၊ စာရင်းဇယားရှုပ်ထွေးမှုကို အကြောင်းပြ၊ ရှင်းနေသည်ကိုရှုပ်အောင် လုပ်ပြီး သမ္မတရုံးက မူအားဖြင့်ခွင့်ပြုထားသည့် မြေပိုင်ရှင် ၂၀၊ တိုင်းဒေသကြီးအစိုးရက ၈၀ ခွဲဝေယူမည် ဆိုသည့်အစီအစဉ်ကိုသွတ်သွင်းပြီး လုပ်ပိုင်ခွင့်ကို အမြတ်ထုတ်အသုံးချ ပြည်သူကို အနိုင်ကျင့်နေသည် ဟု ပြောလိုပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ပြန်မပေးသေးသော၊ သိမ်းယူခံစဉ်က ပိုင်ရှင်များဖြစ်သော မင်္ဂလာဒုံ မြို့နယ်က မပိုပိုနှင့် မတင်တင်တို့၏ မြေယာပိုင်ဆိုင်မှုမှတ်တမ်း များကိုလည်း ဖော်ပြထား ပါကြောင်း၊ ဗုဒ္ဓဟူးနေ့က မိမိထံ လာရောက်တွေ့ဆုံခဲ့ကြပါကြောင်း၊ ထို့ကြောင့် နံပါတ်(၁) တစ်နိုင်ငံလုံးအတိုင်းအတာအရ ဝန်ကြီးဌာနနှင့် ကုမ္ပဏီများမှသိမ်းယူခဲ့ပြီး ပြန်လည် စွန့်လွှတ် ပေးသည့် မြေဧကကိုလည်းကောင်း၊ ၎င်းတို့အနေဖြင့့် မြေသိမ်းယူစဉ်က ပိုင်ရှင်များထံသို့ လက်ရောက် ပေးရပြီးသည့် မြေဧကကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ဝန်ကြီးဌာနက စွန့်လွှတ်သည့်မြေ သို့မဟုတ် လယ်သမားပိုင်မြေများကို ပိုင်ရှင်က ၂၀ ရာခိုင်နှုန်းကိုလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရက ၈၀ ရာခိုင်နှုန်း ရယူမည်ဆိုသည်ကို ပြည်ထောင်စုအစိုးရအနေဖြင့် မည်သည့်အတွက်ကြောင့် မူအားဖြင့် သဘောတူခဲ့သည်ကို လည်းကောင်း၊ စမ်းကြီးဝနှင့် မင်္ဂလာဒုံတို့တွင် တပ်မတော်ကစွန့်လွှတ်ထား သည့်မြေများကို သိမ်းယူစဉ်က ပိုင်ရှင်များသို့ အမြန်ဆုံးခွဲဝေပေးရန် အစီအစဉ်ရှိ/မရှိတို့ကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။