(ဂ)- ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ပြီး ဝါးစိုက်ခင်းများအခြေအနေကို ရှင်းလင်းချပြရန်နှင့် ဝါးစိုက်ပျိုးဆောင်ရွက်လို သူများအတွက်မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-31

၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ပြီး ဝါးစိုက်ခင်းများအခြေအနေကို ရှင်းလင်းချပြရန်နှင့် ဝါးစိုက်ပျိုးဆောင်ရွက်လို သူများအတွက် နိုင်ငံတော်မှ မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

၇-၁၀-၂၀၁၆ ရက်နေ့တွင် တင်သွင်းခဲ့သော ဝါးစိုက်ပျိုးရေးကဏ္ဍ တွင်တွင်ကျယ်ကျယ် ဖြစ်ထွန်း အောင်မြင်တိုးတက်နိုင်ရေး နိုင်ငံတော်အစိုးရကနေ ဦးဆောင်ပါဝင်ရေးအဆိုနှင့် ပတ်သက်၍ ၂၈-၂-၂၀၁၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော်အစည်းအဝေးက အတည်ပြုပေး ခဲ့ပါကြောင်း၊ ယခုအချိန်တွင် အဆိုတင်သွင်းခဲ့သည့်မှာ နှစ်နှစ်ကျော်ကာလ ရောက်ရှိလာပြီ ဖြစ်ပါကြောင်း၊ ယင်းအဆိုကို တင်သွင်းခဲ့သည့်ရည်ရွယ်ချက်က တစ်နိုင်ငံလုံးအနှံ့ဖြစ် ပေါ်နေသည့် သစ်တောပြန်းတီးမှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ရာသီဥတု မမှန်ကန်မှု၊ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် အပူလွန်ကဲလာမှုနှင့် သစ်တောသစ်ပင် ရှားပါး လာမှုကြောင့် ကျေးလက်နေ ပြည်သူများ နေစရာအိမ်အတွက် တန်ဖိုးနည်းဝါးအိမ် ကျူ ထရံကာ စသည်ဖြင့် အသုံးပြုနိုင်မည့် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်နှင့် တစ်ဖက်တွင် လည်း ဝါးမှ နိုင်ငံခြားငွေရှာဖွေပေးနိုင်ရေး၊ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ဝါးကအဆင့်မြင့်ထုတ်ကုန်တွေအတွက် ကုန်ကြမ်းအဆင်ဖြစ်လာစေရေး၊ စက်ရုံ၊ အလုပ်ရုံ များလာသည်နှင့်အမျှ အလုပ်အကိုင်ဖန်းတီး ပေးလိုက်နိုင်ပြီးတစ်ဖက်တွင်လည်း ကာဗွန် ဓာတ်ထုတ်လုပ်မှုတွေများလာနိုင်တဲ့အတွက်လေထုညစ်ညမ်းမှုများရှိလာသည့်အခါ ဝါးပင်ကို နေရာအနှံ့စိုက်ပျိုးထားခြင်းအားဖြင့် ကာဗွန်စုပ်ယူမှုအားနှင့် အောက်ဆီဂျင်ထုတ်ပေး နိုင်သည့်အားသည် အခြားသစ်ပင်များထက် ငါးဆမြင့်မားခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ပိုမိုကောင်းမွန်လာစေနိုင်မည်ဖြစ်ပါကြောင်း၊ ဝါးပင်က မျှစ်ကိုရရှိသည့်အတွက် ကြောင့် ကျေးလက်နေပြည်သူများအတွက် မိသားစုဝင်ငွေကို ရရှိနိုင်ရန် အလုပ်အကိုင်ကို လည်း ဖန်တီးပေးပြီး မျှစ်ကိုအဆင့်မြင့်စားသုံး ကုန်စည်အဖြစ်ဖြင့် ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေရှာပေးနိုင်မည်ဖြစ်ပါကြောင်း၊ မျှစ်နှင့် ဝါးသည် အခြားအပင်များကဲ့သို့ နှစ်ရှည် စောင့်ရန်မလိုဘဲ အသုံးပြုနိုင်သည့်အပြင် လူသားများအတွက် စားဝတ်နေရေး အရေးသုံးပါး အပြင် ဆေးဝါး၊ အဝတ်အထည်များလည်း ပြုလုပ်နိုင်ပါကြောင်း၊ ဝါးများကို သဘာဝထွက်ရှိမှု အတိုင်း ထုတ်ယူသုံးစွဲနေသည့် သစ်၊ ဝါးများ တဖြည်းဖြည်းရှားပါးလာ၍ ပြန်လည်စိုက်ပျိုး ရန် လိုအပ်လာပါကြောင်း၊ ကြီးမြန်အပင်မျိုးဖြစ်သည့်အတွက် သစ်တော၊ သစ်ပင်စိမ်းလန်း စိုပြည်ရန် လွယ်ကူပြီး ရာသီဥတုမှန်ကန်လာရေး၊ အပူဒဏ်ကို ကာကွယ်နိုင်ရေး၊ ရေဝေရေလဲ ထိန်းသိမ်းမှုကောင်းမွန်၍ သဘာဝအန္တရာယ်နှင့် ရေရှားပါးမှုများကို ကာကွယ်ပေးနိုင်ပြီး အရွက်ကြွေ အားကောင်းသည့် အတွက်ကြောင့်လည်း မြေဆီလွှာထိန်းသိမ်းမှုကို ကောင်းမွန် စေပါကြောင်း၊ ဝါးတောများ ပြန်လည်ရှင်သန်ဖြစ်ထွန်းလာသည့်နှင့်အမျှ သစ်တော၊ သစ်ပင်များ စိမ်းလန်း စိုပြည်လာပြီး သစ်တောကိုမှီခိုနေထိုင်ကြသည့် တောရိုင်း သတ္တဝါများ အတွက် နားခိုစရာနေရာများ ဖြစ်လာခြင်းကြောင့် ဂေဟစနစ်ကိုလည်း ကောင်းမွန်ပြီး အထောက်အကူပြု လာနိုင်မည် ဖြစ်ပါကြောင်း၊

၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် နိုင်ငံတော် ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍအလိုက် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ပြီး ဝါးစိုက်ခင်းများ အခြေ အနေကို ရှင်းလင်း ချပြနိုင်ခြင်းရှိ/မရှိနှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်လာရေး တစ်ဦးချင်း ဖြစ်စေ၊ အသင်းအဖွဲ့လိုက ဖြစ်စေ၊ ကုမ္ပဏီများအနေနှင့် ဖြစ်စေ ဝါးစိုက်ပျိုးဆောင်ရွက်လို သူတွေအတွက် နိုင်ငံတော်က မည်သို့ ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။