(စ)-မြောက်မြန်အောင်ကြိုးဝိုင်း၊ ကွင်းအမှတ်(၂၅) နှင့် (၂၆)အတွင်းရှိ ပျိုးပင်များ ရေလောင်းရန်အတွက် ရေသယ်ယာဉ်တစ်စီး ထောက်ပံ့ပေးရန်နှင့် ဝန်ထမ်းအတွက် လိုအပ်သော ပေ ၁၇၀၀၀ ရှိ လမ်းပိုင်းအား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

(စ)-ကြံခင်းမြို့နယ် မြောက်မြန်အောင်ကြိုးဝိုင်း၊ ကွင်းအမှတ်(၂၅) နှင့် (၂၆)အတွင်းရှိ ပျိုးပင်များ ရေလောင်းရန်အတွက် ရေသယ်ယာဉ်တစ်စီး ထောက်ပံ့ပေးရန်နှင့် ဝန်ထမ်း၊ ပြည်သူများ အတွက် လိုအပ်နေသော ပေ ၁၇၀၀၀ ရှိ လမ်းပိုင်းအား ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိ၏မေးခွန်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များသည် ကြံခင်းမြို့နယ်၊ ခုံကြီးအုပ်စု သရက်စမ်းဆင်စခန်းကျေးရွာသို့ သွားရောက်လေ့လာခဲ့ပါကြောင်း၊ သရက်စမ်း ကျေးရွာတွင် မူလတန်းကျောင်းတစ်ကျောင်းရှိပြီး ဆင်စခန်းမှ ဝန်ထမ်းသားသမီးများ၊ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ကလေးငယ်များ လာရောက်ပညာသင်ကြားနေသည်ကို တွေ့ရှိရပါကြောင်း၊ အနီးဆုံးလယ်မရွာမှ သရက်စမ်းကျေးရွာသို့ သွားသည့်လမ်းခရီးသည် ချောင်းရိုးတစ်လျှောက် မော်တော်ယာဉ်ကြီးများ၊ ဆင်များဖြင့် ခက်ခဲစွာသွားရပါကြောင်း၊ တောင်ကျရေကျသည့်အချိန်တွင် ယာဉ်လမ်းအတိုင်းသွားလာ၍ မရပါကြောင်း၊ ချောင်းရိုးက မဖြတ်ရသော တောင်ပေါ်လမ်းသည် အနီးဆုံးလယ်မရွာအထိ ပေ ၁၇၀၀၀ သုံးမိုင်ခန့်ရှိပြီး လက်ရှိ ခြေလျင်၊ ဆိုင်ကယ်များသာ သွားလာရပါကြောင်း၊ သစ်တောဦးစီးဌာန စိုက်ခင်း လုပ်ငန်းမှဝန်ထမ်းများ၊ ပညာရေး၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် တခြားဌာနဆိုင်ရာ ဝန်ထမ်း များ၊ ဒေသခံပြည်သူများအတွက် ရာသီမရွေးသွားလာ နိုင်သော လမ်းတစ်လမ်းလိုအပ် လျက်ရှိကြောင်း တွေ့ရှိရပါကြောင်း၊ ယင်းလမ်းပိုင်းသည် ဆောက် လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အဆင့်သတ်မှတ်ချက်တွင် Class-C တွင် သာပါရှိကြောင်းလည်း သိရှိရပါကြောင်း၊

သရက်စမ်းဆင်စခန်းတွင် ဆင် ၆၂ ကောင်ကို ထိန်းသိမ်းစောင့်ရှောက်နေပါကြောင်း၊ ကြံခင်းမြို့နယ် မြောက်မြန်အောင်ကြိုးဝိုင်း အကွက်အမှတ်(၃၄) တည်ထောင်ပြီး ဧက ၄၀၀ (၁/၂၀၁၇)နှင့် အကွက် အမှတ်(၂၅)ရှိတည်ထောင်ပြီး ကျွန်းစိုက်ခင်း ဧက ၃၀၀(၁/၂၀၁၈) တို့တွင် အပင်များရှင်သန် အောင်မြင်လျက်ရှိပါကြောင်း၊ အကွက်အမှတ်(၂၆)ရှိ ကျွန်း စိုက်ခင်းဧက ၃၀၀(၁/၂၀၁၉) တွင်လည်း အပင်များအပြည့်အဝစိုက်ပျိုးပြီးစီး ရှင်သန် အောင်မြင်လျက်ရှိပါကြောင်း၊ အချိန်နှင့်တစ်ပြေးညီ ပေါင်းရှင်းခြင်း၊ မြေဩဇာကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း တွေ့ရှိခဲ့ရ ပါကြောင်း၊ သို့ရာတွင် ပျိုးထောင်ထားသော ပျိုးပင်များနှင့် လာမည့်ရာသီတွင် ပျိုးထောင်မည့် ပျိုးဥယျာဉ်အတွက် သဘာဝတောင်ကျစမ်းရေကိုသာ မှီခိုပြီးရေလောင်းနေကြောင်း သိရှိရပါ ကြောင်း၊ နွေရာသီတွင် သဘာဝတောင်ကျစမ်းရေပြတ်လပ်မှုရှိကြောင်း သိရှိရသည့်အတွက် နီးစပ် ရာရေရရှိရာနေရာတွင် ရေသယ်ရန်အတွက် ရေသယ်ယာဉ်တစ်စီးလိုကြောင်းကိုလည်း တွေ့ရှိရပါ ကြောင်း၊

အထက်ဖော်ပြပါအခြေအနေများကြောင့် နံပါတ်(၁) ပျိုးပင်များရေလောင်းရန်အတွက် ရေသယ် ယာဉ်တစ်စီးထောက်ပံ့ပေးရန်အစီအစဉ်ရှိ/မရှိ၊ နံပါတ်(၂) ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများအတွက် လိုအပ်လျက်ရှိသော ပေ ၁၇၀၀၀ ရှိ လမ်းပိုင်းအား ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိတို့ကို သိလိုပါကြောင်း မေးမြန်းပါသည်။