(ဆ)ပေါင်မြို့နယ်၊ သဲဖြူကုန်း မြေပြိုမှုဖြစ်စေသည့် အကြောင်းအရင်းကို သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရန် အစီအစဉ်ရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ပေါင်မြို့နယ်၊ သဲဖြူကုန်း မြေပြိုမှုဖြစ်ရသည့် အကြောင်းအရင်းကို သိရှိလို၍ သဘာဝကြောင့် မြေပြိုမှု ဖြစ်ခြင်း၊ လူများကြောင့် မြေပြိုမှုဖြစ်ခြင်း ဆိုသည်ကို အကြောင်းအရင်း အမှန်ကို သိရှိလို၍ မေးမြန်းရခြင်း ဖြစ်ကြောင်း၊ ၉-၈-၂၀၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ ဗြဲပြာကုန်းရပ်ကွက်မှ မြေပြိုမှုဖြစ်စဉ်သည် မြန်မာတစ်နိုင်ငံလုံးအပြင် နိုင်ငံတကာမှ စိတ်ဝင်စား ထိတ်လန့်စေခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ မြေပြိုမှုတွင် အပြစ်မဲ့ပြည်သူများ ၇၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၈ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိစေခဲ့ပါကြောင်း၊ အိမ်ထောင်စု ၂၇ စုအပါအဝင် လမ်းခရီး သွားလာနေသည့် ခရီးသွားပြည်သူများ၏ ပစ္စည်းဥစ္စာများစွာကိုလည်း ဆုံးရှုံးခဲ့ရပါကြောင်း၊ ၎င်းကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင်ကို လျစ်လျူရှုပြီး ကိုယ်ကျိုးအတွက် အသုံးချခဲ့သည့် သူများကြောင့် သဘာဝဘေးဒဏ်ကို အပြစ်မဲ့ပြည်သူများကသာ ခံစားခဲ့ရသည်ကို ပြသပြီး အသိပေးခြင်း ဖြစ်ကြောင်း၊ ၎င်းဖြစ်စဉ်သည် သာမန်ကြည့်မည်ဆိုပါက သဘာဝဘေး အန္တရာယ်ကြောင့်ဟု ထင်မြင်ယူဆနိုင်သော်လည်း သဘာဝအတိုင်းရှိနေသည့် တောင်ကို လူတစ်ဦးတစ်ယောက်၏ ပယောဂမပါဘဲ ရုပ်ချည်းပြိုကျသည့်အထိ ဖြစ်လာစရာအကြောင်း မရှိဘူးဟု ယူဆမိပါကြောင်း၊ ၎င်းဖြစ်စဉ်တွင် ပတ်ဝန်းကျင်၏ ပြောကြားချက်နှင့် မြေပြိုမှုတွင် အသက်ရှင် ကျန်ရစ်ခဲ့သည့် သူများ၏ ပြောကြားချက်အရ ယခုမြေပြိုမှုသည် မူလတောင်ခြေတွင် ကိုယ်ကျိုးစီးပွားရှာ လုပ်ငန်းရှင်များ၏ မြေကြီးကိုတူးပြီး ခြံကွက်တူးဖော် တိုးချဲ့သည့်တွက် တောင်၏ အောက်ခြေကို ဟန်ချက်ပျက်ပြီး အပေါ်က အထိန်းအကွပ်မရှိသည့်အတွက် မိုးကြီးသည့် အချိန်တွင် ပြိုကျခဲ့ ခြင်းဖြစ်သည်ဟု ကြားသိခဲ့ရပါကြောင်း၊ သဲဖြူကုန်းကျေးရွာမှာ မြေပြိုမှုဖြစ်စဉ်တွင် တောင်က ပြိုဆင်းလာသည့်အတွက် လယ်ကွင်းနားတွင် သွားပြီး စုပြုံပြီး အိမ်ခြေ ၂၇ လုံးကို ကြေမွသွားသည် ဖြစ်စဉ်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြကြောင်း၊ ဖြစ်သည့် မူလနေရာ ထိပ်မှ တောင်ကနေ ပြိုဆင်းလာသည့် သဘောဖြစ်ကြောင်း၊ တောင်၏ မူလအခြေအနေနှင့် ၎င်းနေရာတွင် နေထိုင်နေသည့် လူများ၊ အောက်ခြေတွင် ဖြိုဖျက်ထားသည့်အတွက် ဟန်ချက်ပျက်နေသည့် ပုံစံများ၊ စားသောက်ဆိုင် တစ်ဆိုင်မှ အောက်ခြေကို မြေကြီးချဲ့ပြီး တူးဖော်ထားသည့် တောင်၏ အခြေထိကို တူးဖော်လိုက်သည့်အတွ်ကြောင့် ဟန်ချက်များ ပျက်ခြင်း ဖြစ်ကြောင်း၊ မြေပြိုမှု၏ အနီးကပ် အခြေအနေ၊ ၎င်းတောင်တွင် မိမိတို့ ပေါင်မြို့နယ်၏ ပြည်သူတွေအားလုံးသည် တောင်ခြေတွင် နေထိုင်သည့် လူများ များပြားပါကြောင်း၊ တောင်မှကျလာသည့် စမ်းချောင်းရေများ၊ နွေ၊ မိုး၊ ဆောင်း အဆက်မပြတ် ရရှိသည့် အတွက် ရှေးအဆက်ဆက် နေထိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ရှေးယခင်က မည်သူကမျှ တောင်ခြေကို တူးဖော်ရောင်းစားခြင်း မရှိပါကြောင်း၊ ဖွံ့ဖြိုးလာသည်နှင့်အမျှ လမ်းမြေဖောက်ရန်အတွက် ဈေးကောင်းသည့် အတွက် ရောင်းစားကြခြင်း များပါကြောင်း၊ တော၊ တောင်မြေများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ကြီးကြပ်ကိုင်တွယ်ပြီး မြေစာရင်းဌာနနှင့် အုပ်ချုပ်ရေးမှူးတို့ကို ခွင့်ပြုချက်ယူပြီးမှသာ လုပ်၍ ရပါကြောင်း၊။ ပေါင်မြို့နယ်တွင် နောက်ထပ်ပြိုနိုင်သည့် နေရာများ ရှိပါကြောင်း၊ ၎င်းနေရာများသည်လည်း အရင်က တူးဖော်ထားသည့် အတွက် ၎င်းနေရာများတွင် ကျောင်းကအစ အကုန်လုံးရွှေ့ထားသည့် နေရာများဖြစ်ပါကြောင်း၊
ယခု ပြိုကျသည့် တောင်သည် ကုလားမတောင်တန်း၏ အဆက်အစပ်ဖြစ်သည့် မလတ်တောင်ဟု ခေါ်ကြပါကြောင်း၊ သက်နုတောင် အမျိုးအစားဖြစ်သည့်အတွက် မြေတူးဖော်ခြင်း၊ ကျောက်မိုင်းခွဲခြင်းကို ခွင့်မပြုထားပါကြောင်း၊ တောင်သည် သဘာဝအတိုင်း ရှိနေပါက တောင်မှ မည်သည့် ဒုက္ခ မပေးသော်လည်း တောင်ကို တူးဖော်လိုက်ပါက နောက်ထပ်ပြိုကျနိုင်သည့် အခြေအနေများ အန္တရာယ် ရှိလာနိုင်သည်ကို ပညာရှင်များက သုံးသပ်ထားပါကြောင်း၊ ထိုကဲ့သို့ နေရာ တော်တော်များများ နောက်ထပ် ပြိုကျနိုင်ခြေရှိသည်ဟု ပညာရှင်များနှင့် ပြည်နယ်အစိုးရများက ပြောကြားထားခြင်း ရှိပါကြောင်း၊ တောင်သည် ယခုဖြို ယခုချက်ချင်း ပြိုကျသွားခြင်း မဟုတ်ပါကြောင်း၊ ခေတ်အဆက်ဆက်က တူးဖော်ပြီး ယခုရော၊ နောင်ရော ဆက်လက်ခွင့်ပြုပေးမည်ဆိုပါက ပတ်ဝန်းကျင်တွင် နေထိုင်သည့် ပြည်သူများ၏ အသက်အန္တရာယ် အချိန်မရွေး ကျရောက်စေနိုင်ပါကြောင်း၊ နိုင်ငံတော်အစိုးရသည် ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေးရမည့် တာဝန်ရှိသည့်အတွက် ယခုဖြစ်စဉ်အပေါ် ဖြစ်ပြီးမှ မတတ်နိုင်ဘူးဆိုသည့် သဘောမျိုး မဖြစ်စေဘဲ တာဝန်ယူ၊ တာဝန်ခံမှုဖြင့် ပြည်သူများကို ပွင့်လင်းမြင်သာမှု ရှိစေရန် ချပြပြီး ၎င်းဖြစ်စဉ် ဖြစ်ရသည့် အကြောင်းရင်းကို ဖော်ထုတ်ပြီး ဖန်တီးသည့်သူနှင့်၊ ဥပဒေချိုးဖောက်သူတို့ကို တားဆီးရမည့်အစား မသိကျိုးကျွံပြုနေသည့် သက်ဆိုင်ရာ ဌာနများကိုပါ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ၎င်းမြေပြိုမှု အကြောင်းအရင်းကို သိလိုသည့်အတွက် မေးမြန်းပါသည်။