(က)ကနီမြို့နယ်၊ တဇယ်ချောင်ကျေးရွာအုပ်စုအတွင်းမင်းဝံတံခွန်သတ္တုတူးဖော်ရေးကုမ္ပဏီမှ အလတ်စား ဓာတ်သတ္တုတူးဖော်ရေး လျှောက်ထားလျက်ရှိရာ ၎င်းနေရာတွင် မူလတောင်သူ ၁၇ ဦးပိုင်မြေများ ပါဝင်နေသဖြင့်မည်သို့ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-31

ကနီမြို့နယ်၊ တဇယ်ချောင် ကျေးရွာအုပ်စုအတွင်း မင်းဝံတံခွန် သတ္တုတူးဖော်ရေးကုမ္ပဏီမှ အလတ်စား ဓာတ်သတ္တုတူးဖော်ရေး လျှောက်ထားလျက်ရှိရာ ၎င်းနေရာတွင် မူလတောင်သူ ၁၇ ဦးပိုင်မြေများ ပါဝင်နေသဖြင့် မည်သို့ ဆက်လက်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

 

ကနီမြို့နယ်၊ တဇယ်ချောင် ကျေးရွာအုပ်စု၊ အကွက်အမှတ်(၁၂၉၅)ရှိ တောင်သူ ၁၇ ဦး ပိုင်ဆိုင်ခဲ့သည့် မြေဧက ၄၈ ဧကခန့်အား ၂၀၁၂ ခုနှစ်တွင် မင်းဝံတံခွန်ကုမ္ပဏီမှ ဒေသအာဏာပိုင်များ နှင့်ပေါင်းပြီး တောင်သူများအပေါ် ဖိအားပေးပြီး ယာမြေလွှဲပြောင်းခြင်း ကတိစာချုပ်များ ချုပ်ဆိုခြင်းဖြင့်သော်လည်းကောင်း၊ ချုပ်ဆိုခြင်း ပြုလုပ်မှု မရှိခြင်းဖြင့်လည်းကောင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြကြောင်း၊ ထိုသို့လုပ်ကိုင်ကြရာတွင် တရားဝင်လုပ်ကွက် ခွင့်ပြုထားခြင်း မရှိ နိုင်ငံခြားသားများနှင့်ပါ ဓာတ်သတ္တုရှာဖွေ ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည့်အချိန်တွင် ၂၀၁၃ ခုနှစ်တွင် ဒေသခံများက မီဒီယာများမှတစ်ဆင့် ထုတ်ဖော်ကန့်ကွက်မှုများကြောင့် တရားမဝင် လုပ်ကိုင်ခဲ့သည့် နိုင်ငံခြားသားများ ထွက်သွားကြသည့်အပြင် လုပ်ငန်းများပါ ရပ်ဆိုင်းသွား ခဲ့ပါကြောင်း၊

မင်းဝံတံခွန်ကုမ္ပဏီမှ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး ကြိုးစားလျက်ရှိရာ တောင်သူ ၁၇ ဦးအနက် တချို့သည် ယခင်က အတင်းအကျပ် ဖိအားပေးခံရပြီး ချုပ်ဆိုခဲ့သည့် ယာမြေလွှဲပြောင်းခြင်း ကတိစာချုပ်များအား တောင်သူများမှ ဖျက်သိမ်းလာရေးအတွက် ၂၀၁၆ ခုနှစ်တွင် နှစ်နှစ် သက်တမ်းရှိသည့် မြေငှားရမ်းခြင်း ကတိစာချုပ်များကို ကုမ္ပဏီနှင့် တောင်သူများထပ်မံ၍ စာချုပ် ချုပ်ဆိုခဲ့ကြကြောင်း၊ မြေငှားစာချုပ်ပါ စည်းကမ်းချက်များအရ စာချုပ်သက်တမ်း နှစ်နှစ်ပြည့်သည့် ၃၀-၆-၂၀၁၈ ရက်နေ့နောက်တွင် မြေပြန်ညှိပြီး မြေများကို ပြန်အပ်ရမည် ဖြစ်ကြောင်း၊ သို့သော် ထိုကဲ့သို့ ဆောင်ရွက်ပေးခဲ့ခြင်း မရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်မှ အခုအချိန်ထိ စာချုပ်အမျိုးမျိုးနှင့် ပြဿနာများ ဖြစ်နေသည့် အတွက် ပုံစံ(၇) မပေါက်သည့် အပေါ်တွင် ကုမ္ပဏီပေါ်မှ အခွင့်ကောင်းယူပြီး မူလတောင်သူ ၁၇ ဦးပိုင်ရာ မြေများအပေါ်တွင် ဓာတ်သတ္တု တူးဖော်ထုတ်လုပ်ခွင့်များ တရားဝင်ရရှိရေး လျှောက်ထားလျက်ရှိသည်ကို သိရှိရကြောင်း၊ ယင်းကိစ္စနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ တောင်သူများမှလည်း မြေငှားစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ မြေပြန်လည် ရရှိလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်ထံ တင်ပြထားပြီးဖြစ်သည့်အပြင် ပုံစံ(၇)ရှိရေးအတွက်လည်း လျှောက်ထားကြပြီး ဖြစ်ပါကြောင်း၊

၂၀၁၂ ခုနှစ်က တောင်သူနှင့် ကုမ္ပဏီကြား ရာမြေလွှဲပြောင်းခြင်း ကတိစာချုပ် ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တောင်သူနှင့် ကုမ္ပဏီ ကြားပြင်ဆင်ချုပ်ဆိုခဲ့သည့် မြေငှား စာချုပ်ဖြစ်သည် ၃၀-၆-၂၀၁၈ ရက်နေ့တွင် သက်တမ်းပြီးခဲ့ပြီး ဖြစ်ကြောင်း၊။ တရားဝင် လုပ်ကွက်ခွင့်ပြုမိန့် မရှိပါက ကုမ္ပဏီ၏ မကျူးကျော်ရဆိုသည့် ဆိုင်းဘုတ်ရှိခဲ့ကြောင်း၊ တရားမဝင် လုပ်ခဲ့စဉ်က ကုမ္ပဏီဝန်ထမ်းများ နေထိုင်ခဲ့သည့် အဆောက်အအုံ ရှိကြောင်း၊ ကုမ္ပဏီမှ ဓာတ်သတ္တု တူးဖော်လျှောက်ထား ဧရိယာအတွင်းရှိ ပုံစံ(၇) ရရှိခြင်း မရှိသေးသည့် မြေများဖြစ်ပြီး အနောက်က ထန်းပင်များ၊ ဆီးပင်များကို ကြည့်မည်ဆိုပါက ၎င်းမြေယာများ၏ သက်တမ်းကို ခန့်မှန်းနိုင်မည် ဖြစ်ကြောင်း၊ ကုမ္ပဏီမှ လျှောက်ထားသည့် ဧရိယာအတွင်းရှိ ထွန်ယက်ထားသည့် ယာမြေများ ရှိကြောင်း၊ ကုမ္ပဏီက ယခင်လုပ်ခဲ့သည့် နေရာများနှင့် ၂၀၁၂-၂၀၁၃ ခုနှစ်ကတည်းက ကုမ္ပဏီက ရွှေမျောတိုက်သည့်အတွက် ဖြစ်နေသည့် ကျင်းများ၊ ချိုင့်များ ဖြစ်နေကြောင်း၊ မူလလက်ရှိ လက်ငုတ် တောင်သူများရှိ နေသည့်အပြင် တင်ပြပါ ပြဿနာများကြောင့် ပုံစံ(၇) မရရှိခဲ့ကြသည့် တောင်သူများအပေါ် အခွင့်ကောင်းယူလျက် ကုမ္ပဏီဘက်မှ ဓာတ်သတ္တု လုပ်ကွက် လျှောက်ထားနေကြောင်း သိရှိရသဖြင့် မိမိမေးမြန်း လိုသည်က ကနီမြို့နယ်၊ တဇယ်ချောင် ကျေးရွာအုပ်စု အကွက်အမှတ်(၁၂၉၅)တွင်ရှိသည့် မူလ တောင်သူ ၁၇ ဦးပိုင် မြေယာ ၄၈ ဧကပေါ်တွင် မင်းဝံတံခွန် သတ္တုတူးဖော်ရေးကုမ္ပဏီမှ အလတ်စား ဓာတ်သတ္တု တူးဖော်ရေး လျှောက်ထားလျက်ရှိရာ ၎င်းနေရာအတွင်း မူလတောင်သူ ၁၇ ဦး၏ မြေများပါဝင်နေသဖြင့် မည်သို့ ဆက်လက်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။