(ဆ)-ပူတာအိုမြို့နယ်အတွင်းရှိ ပမ္မတီး-နမ်ရှယ်-မလိခေါင်လမ်းတွင် ကျောက်ချောလမ်းခင်းရန် ကျန်ရှိ နေသော (၂)မိုင် (၁) ဖာလုံအား ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းဆက်လက်ခင်း ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပမ္မတီးကျေးရွာအုပ်စုတွင် အိမ်ခြေ ၈၄၀၊ လူဦးရေ ၈၄၀ ကျော် နေထိုင်လျက်ရှိပြီး သတ်မှတ်အဆင့်(A) လမ်းဖြစ်သော ကျေးရွာချင်း ဆက် ပမ္မတီး-နမ်ရှယ်-မလိခေါင်လမ်းသည် ၅ မိုင် ၂ ဖာလုံရှိပြီး ၎င်းလမ်းကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း ပြည်နယ်ဘဏ္ဍာငွေဖြင့် ၃ မိုင် ၁ ဖာလုံ ကိုကျောက်ချောလမ်းအဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် တွင်လည်း ပြည်နယ်ရန်ပုံငွေဖြင့် နမ်ရှယ်-မလိခေါင်လမ်းပေါ်ရှိ နမ်ရှယ်ချောင်းကူးကြိုးတံတားအား ကွန်ကရစ်ခုံခံနှစ်လွှာတစ်ထပ် သံပေါင်ဘေလီတံတားတစ်စင်းဆောင်ရွက်ပေးရန် ဘတ်ဂျက် လျာထားပြီးဖြစ်သည့်အတွက် ဒေသခံမိဘပြည်သူများအားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ ရပါကြောင်း၊ သို့သော် ဒေသခံမိဘပြည်သူများနှင့် တွေ့ဆုံရာတွင် မိဘများမှ အခက်အခဲများကို တင်ပြ ဆွေးနွေးရာ ကျောင်းသားကျောင်းသူများသည် ပမ္မတီးအခြေခံပညာအထက်တန်းကျောင်းသို့ သွားရန်လမ်းဆောင်ရွက်မှုမရှိသေးသောလမ်းပိုင်းတွင် ခက်ခဲမှုများဖြင့် သွားလာနေရသောကြောင့် ကျန်ရှိနေသော ၂ မိုင် ၁ ဖာလုံကို ကျောက်ချောလမ်းအဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက်ပေးပါရန် တင်ပြလာပါကြောင်း၊ ဒေသခံမိဘပြည်သူများ၏ တင်ပြလာသော လမ်းအားဆောင်ရွက်ပေးပါက ဒေသခံမိဘပြည်သူ များ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုအစစ အရာရာ ဖွံ့ဖြိုးတိုးတက်သွားမည် ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ပမ္မတီး-နမ်ရှယ်-မလိခေါင်ကျေးရွာချင်းဆက်လမ်းပေါ်တွင် ကျောက်ချောလမ်းခင်း ရန်ကျန်ရှိနေသော ၂ မိုင် ၁ ဖာလုံ အား ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ကျောက်ချော လမ်းခင်းပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။