(ခ)-ကန်ပက်လက်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးဘဏ်ခွဲတစ်ခု ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ရွှေ့ပြောင်းတောင်ယာစနစ်ကို အခြေခံ အမည်ပြု အသက်မွေးခဲ့ကြပြီး ဝင်ငွေအခွင့်အလမ်း နည်းပါးသည့် ဆင်းရဲသည့် ပြည်နယ် တစ်ခု ဖြစ်ပါကြောင်း၊ သို့သော် လက်ရှိတွင် ပြည်နယ်အစိုးရ၏ အထူးဦးစားပေး အစီအစဉ်များဖြင့် ချင်းပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများတွင် အလေး ထား ဆောင်ရွက်ပေးနေသည့်အတွက် ဖွံ့ဖြိုးတိုးတက်ရန် အစပြုနေသည့် အချိန် ဖြစ်ပါကြောင်း၊ ဒေသတွင်း ဈေးကွက်ဝင် ဝဥသီးနှံ၊ ထောပတ်သီးနှံ၊ ကော်ဖီသီးနှံ စသည့် နှစ်ရှည်သီးနှံများကို ဒေသခံချင်းတိုင်းရင်းသားများ အနေဖြင့် စီးပွားဖြစ်စတင် စိုက်ပျိုးလာကြပြီ ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေး စနစ်မှ နှစ်ရှည်ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးကို ဦးတည်စိုက်ပျိုး လာကြပြီဖြစ်သည့်အတွက် ဒေသခံချင်းတိုင်းရင်းသားများအတွက် ဝင်ငွေအခွင့်အလမ်းကောင်းမွန်စ ပြုလာပြီ ဖြစ်ပါကြောင်း၊ မိမိ၏ မဲဆန္ဒနယ်ဖြစ်သည့် ကန်ပက်လက် မြို့နယ်အတွင်းတွင် ဝဥ၊ ထောပတ်နှင့်ကော်ဖီများကို အားသွန်ခွန်စိုက် စိုက်ပျိုးလာကြပြီ ဖြစ်သည့်အတွက်စိုက်ပျိုး တောင်သူ များ စိုက်ခင်းများ တိုးချဲ့ စိုက်ပျိုးနိုင်ရန်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် စိုက်ပျိုးရေးနည်းပညာ နှင့် စိုက်စရိတ်အရင်းအနှီးများ ထိထိရောက်ရောက် ထောက်ပံ့ ပံ့ပိုးကူညီပေးရန် အထူးလိုအပ်နေ သည့် အချိန်ဖြစ်ပါကြောင်း၊
ကန်ပက်လက် မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၄၀၀၀ အထက် တောင် အမြင့် စိုက်ပျိုးမြေများ ပေါများသည့် မြို့နယ်ဖြစ်သည်နှင့် အညီ ဓာတုကင်းလွတ်သော Organic သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရန်ဘေးကင်းလုံခြုံစိတ်ချရသည့်သဘာဝတောင်မြင့် ချင်းတောင် ဒေသ ထွက် သန့်ရှင်းလတ်ဆတ်သည့် သီးနှံများ ပြည်တွင်းလူထုစားသုံးသူများထံ ဖြန့်ဖြူးပေး နိုင်ရန် အတွက် စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် ချင်းတိုင်းရင်းသားပြည်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ အလွယ်တကူ ချိတ်ဆက်ချေးယူနိုင်ရန် လယ်ယာစိုက်ပျိုးရေး ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ပေးရန် လိုအပ်နေပါကြောင်း၊
ဝဥမှ ထုတ်လုပ်သည့် အစားအစာများကို စားသုံးပေးခြင်းဖြင့် အဝလွန်ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက် ဖြစ်ပေါ်တတ်သည့် ကင်ဆာရောဂါ အပါအဝင် အခြားရောဂါဆိုး များကို ကာကွယ်ပေးနိုင်ပါကြောင်း၊ ချင်းတောင် ထောပတ်သီးသည် အခြားဒေသထွက် ထောပတ်သီး များထက် တမူထူးခြားပြီး အရသာ ကောင်းမွန်သည့်အတွက် Avagado မှ Chinogado ဟု ချင်းတောင်ဒေသကို အစွဲပြုပြီး အမည်တပ် မှည့်ခေါ်ကြရပါကြောင်း၊ သဘာဝ Organic Coffee အဖြစ် ချင်းတောင်ကော်ဖီဟာလည်း ဝယ်လိုအား မြင့်မားလျက် ရှိနေပါကြောင်း၊ ကျန်းမာရေးကို အာမခံပေးနိုင်သည့် အသက်ရှည်ရာ အနာမဲ့ကြောင်း အကျိုးပြု အထောက်အပံ့ ကောင်း ဖြစ်စေသည့် ချင်းတောင်ဒေသထွက် Organic သီးနှံများ၊ သစ်သီးဝလံများ စားသုံးသူများ အတွက် လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန်၊ စိုက်ဧကများ တိုးပွားလာစေရန် လိုအပ်နေပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် အနီးကပ် ကူညီမှုများ စနစ်တကျ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် မြို့နယ် လယ်ယာ စိုက်ပျိုးရေး ဘဏ်ခွဲတစ်ခု ဖွင့်လှစ် ပေးနိုင်ရန် အထူးလိုအပ်နေပါကြောင်း၊
ကန်ပက်လက်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေး ဘဏ်ခွဲ တစ်ခု ဖွင့်လှစ်ပေးနိုင်မည်ဆိုပါက ဒေသခံ ချင်းတိုင်းရင်းသား တောင်သူများအတွက် စိုက်ပျိုးစရိတ် ချေးငွေများ ချေးယူရာတွင် လွယ်ကူ အဆင်ပြေစေခြင်း၊ စိုက်စရိတ် ချေးငွေ အလွယ်တကူ ရရှိအဆင်ပြေသည့်အတွက် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့် မျိုးစေ့အရင်းအနှီးနှင့် စိုက်ပျိုးရေး တွန်းအားစုများ၊ လုပ်ငန်းသုံး စက်ပစ္စည်းများ အလွယ်တကူ ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်ကန်ပန်လက်မြို့နယ်အတွင်းတွင် ရှိကြသည့် ချင်းတိုင်းရင်းသား တောင်သူများ၏ စိုက်ပျိုးရေးအခြေခံ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရက အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် လယ်ယာ စိုက်ပျိုးရေး ဘဏ်ခွဲ တစ်ခု ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။