(စ)-ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စုအတွက် မီးသတ်စခန်းနှင့် မီးသတ်ယာဉ်များချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(စ)-ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စုအတွက် မီးသတ်စခန်းနှင့် မီးသတ်ယာဉ်များချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်သည် မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၈ အုပ်စု၊ ကျေးရွာပေါင်း ၁၂၅ ရွာဖြင့် ဖွဲ့စည်းထားသော မြို့နယ် တစ်ခုဖြစ်ပါကြောင်း၊ ရွာငံမြို့ပေါ်ရှိ မီးသတ်စခန်း ဖွဲ့စည်းပုံတွင် သန္ဓေ ၁၈ ဦး၊ အရာရှိတစ်ဦး၊ အခြားအဆင့် ၁၇ ဦး စုစုပေါင်း ၃၆ ဦးရှိပြီး မီးသတ်ယာဉ်နှစ်စီး၊ မီးသတ်ရေသယ်ယာဉ်နှစ်စီး စုစုပေါင်း လေးစီးရှိပါကြောင်း၊ ရွာငံမြို့နယ်၏ မြောက်ဘက်ခြမ်းရှိ မြို့ကြီးနယ်မြေမီးသတ်စခန်း ဖွဲ့စည်းပုံတွင် သန္ဓေခုနစ်ဦး၊ အရာရှိတစ်ဦး၊ အခြားအဆင့် ခြောက်ဦး စုစုပေါင်း ၁၄ ဦးရှိပြီး မီးငြှိမ်း သတ်ယာဉ်နှစ်စီး ရှိပါကြောင်း၊ ရွာငံမြို့နယ်၏ တောင်ဘက်ခြမ်းတွင် နယ်မြေမီးသတ်စခန်းနှင့် မီးသတ်ယာဉ်များ ယခုအချိန်ထိ မရှိသေးပါ ကြောင်း၊
ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စုသည် ကျေးရွာ ၁၀ ရွာ၊ အိမ်ထောင်စု ၁၈၀၀ စုနှင့် လူဦးရေ ၇၀၀၀ ကျော်နေထိုင်သော ကျေးရွာအုပ်စုဖြစ်ပါကြောင်း၊ မြို့ပြအင်္ဂါနှင့်ညီညွတ်သော ရဲစခန်း၊ ဈေး၊ အခြေခံပညာအထက်တန်းကျောင်းနှင့် စာစစ်ဌာနရှိခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် စံကိုက် တိုက်နယ်ဆေးရုံရရှိရန် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မီးရရှိသောဒေသ ဖြစ်ပါကြောင်း၊ မြင်းကျဒိုး ကျေးရွာအုပ်စုသည် မီးသတ်စခန်းတည်ရှိရာ ရွာငံမြို့နှင့် ၂၂ မိုင်ကျော်ကွာဝေးပြီး မီးဘေးအန္တရာယ် ကျရောက်ပါက မီးသတ်ယာဉ်များ အချိန်မီမရောက်ရှိနိုင်သောဒေသ ဖြစ်ပါကြောင်း၊ မြင်းကျဒိုး ကျေးရွာအုပ်စု နယ်မြေမီးသတ်စခန်း ပြုလုပ်ရန် မြေနေရာအား မြင်းကျဒိုးကျေးရွာ ကွင်းအမှတ် ၁၉၉၊ ဦးပိုင်အမှတ် ၂၀ ဧရိယာ ၁.၁၀ ဧက ရှိ ၁၉၉ ကျေးရွာပိုင်မြေအား မီးသတ်စခန်း ဆောက်လုပ်ရန်အတွက် မီးသတ်ဦးစီးဌာနသို့ လှူဒါန်းပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရွာငံမြို့နယ် တောင်ဘက်ခြမ်းတွင် ပထဝီဝင်အနေအထားအရ အရေးပါသော မြင်းကျဒိုးကျေးရွာအုပ်စုအတွက် နယ်မြေမီးသတ်စခန်းနှင့် မီးသတ်ယာဉ်များချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။