(က)-ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္မမပုံမှန်အစည်းအဝေးတွင် တစ်ဆက်တစ်စပ်တည်း မေးမြန်း ခဲ့သော စိုက်ပျိုးစရိတ်ထုတ်ချေးပေးရန်နှင့်စပ်လျဉ်း၍ မြေပြင်တွင်ဖြစ်ပေါ်လျက်ရှိသည်ကို အခြေခံ ပြီးဆောင်ရွက်ထားမှုကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

၃-၇-၂၀၁၇ ရက်နေ့  ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္မမပုံမှန် အစည်းအဝေးတွင် လယ်ယာ မြေလုပ်ကိုင်ခွင့်ဝယ်ယူထားသော တောင်သူများစိုက်ပျိုးစရိတ်ချေးငွေရရှိရန် ပုံစံ (၇) တွင် မိမိ နာမည်မပြောင်းရသေးခင် သက်ဆိုင်ရာ လယ်/စီ၏ ထောက်ခံချက်ဖြင့် စိုက်ပျိုးစရိတ်ထုတ်ချေး ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်းပြီး မြေပြင်အခြေအနေအပေါ်တွင် ဖြစ်ပေါ်နေမှုသည် လယ်ယာမြေလုပ်ပိုင်ခွင့်ဝယ်ယူထားသော တောင်သူများမှာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ(၇)တွင် မိမိတို့၏ နာမည်ပြောင်းခွင့်ရရှိရေးအတွက် အမိန့်၊ ညွှန်ကြားချက်များ နှောင့်နှေးကြန့်ကြာ အကောင်အထည်မဖော်နိုင်ခြင်းကြောင့် ပုံစံ(၇)တွင် နာမည်ပြောင်းရရှိရေးကို တရားမဝင် နည်းလမ်းများဖြင့် ငွေကြေးကုန်ကျစွာ လုပ်ဆောင်ရဆဲရှိနေခြင်း၊ အချို့သော သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် မြေတိုင်းစာရေးများမှ လုပ်စားနေမှုများမှာ ယခုထိတိုင်ပပျောက် ခြင်းမရှိသေးသောကြောင့် မည်သို့ဆောင်ရွက်ထားသည်များကို သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

မိမိယခုမေးခွန်းကို ၂၀၁၉ ခုနှစ် မတ်လတွင်မေးမြန်းထားပြီး  လယ်ယာမြေလုပ်ကိုင်ခွင့်ဝယ်ယူ ထားသော တောင်သူများမှာ လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ(၇)တွင် တရားဝင်နည်းလမ်းများဖြင့် မိမိတို့၏နာမည်ပြောင်းခွင့်ရရှိရေးအတွက် ဖြစ်ပါကြောင်း၊ တောင်သူများ၏လယ်ယာမြေလုပ်ပိုင်ခွင့် ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းကိစ္စရပ်များအတွက် လယ်ယာမြေတန်ဖိုးသတ်မှတ်ရန် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့လယ်/စီအား ခန့်အပ် တာဝန်ပေးခြင်း၊ လိုက်နာဆောင် ရွက်ရန်လုပ်ငန်းစဉ်များ၊ ညွှန်ကြားခြင်းများကို ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေကို ခေတ်ကာလနှင့်လျော်ညီစွာ အသစ်ပြင်ဆင်ပြဋ္ဌာန်းခြင်းမပြုနိုင်သေးမီ တည်ဆဲဥပဒေနှင့်အညီ လယ်ယာမြေလုပ်ကိုင်ရရှိသူများအနေဖြင့် လယ်ယာမြေဥပဒေပုဒ်မ ၉ ပါ လယ်ယာမြေ လုပ်ပိုင်ခွင့် ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက် ခွင့်ပြုရန် လိုအပ်သည့်အပြင် ဥပဒေပုဒ်မ ၁၈ အရ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအနေဖြင့် လယ်ယာ မြေတန်ဖိုးကို ဒေသန္တရအခြေအနေအရ ဆီလျော်သောနှုန်းထားနှင့်အညီ သတ်မှတ်ဆောင်ရွက်နိုင် ရေးအတွက် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား ခန့်အပ်တာဝန်‌ပေးအပ်ပြီး မြို့နယ် လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်အတည်ပြုထားသော လယ်ယာမြေများ၏ တစ်ဧက ဒေသပေါက်ဈေးနှုန်းထားအရ ထိုက်သင့်သော တံဆိပ်ခေါင်းခွန်ထမ်းဆောင်စေပြီး လယ် ယာ မြေနည်းဥပဒေ ၂၄ (က)၊ ၄၇(ခ)၊ ၄၈(ဂ)တို့နှင့်အညီ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံ ခန့်ခွဲမှု အဖွဲ့ရှေ့မှောက်တွင် စာချုပ်ချုပ်ဆိုခြင်းကို ၁-၆-၂၀၁၉ ရက်နေ့မှစ၍ ဆောင်ရွက်ပေးရန်နှင့် ချုပ်ဆိုထားသောစာချုပ်ကို စာချုပ်ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၁၂၀ အတွင်း တင်ပြလာပါက သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနသည် လယ်ယာမြေ နည်းဥပဒေ ၂၄(ခ)၊ ၄၇(ဃ)၊ ၄၈(င) တို့နှင့်အညီ မှတ်ပုံတင်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပူးတွဲ ညွန်ကြားထားပြီး ဖြစ်ပါကြောင်း၊

ထိုကဲ့သို့သောညွှန်ကြားချက်များကြောင့် တောင်သူလယ်သမားများ၏ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)တွင် နာမည်လွှဲပြောင်းခြင်းတွင် အဆင်ပြေသွားနိုင်မည်ဖြစ်ပြီး တကယ်လက်တွေ့မြေပြင် လုပ်ငန်းခွင်တွင် အားနည်းချက်များ မသိနားမလည်သူများအပေါ် ခွင်ဖန်တီးခြင်းမျိုးများရှိခဲ့၍ ကိုယ်စားလှယ် များက ထောက်ပြအကြံပြုသည့်အခါတိုင်း ဝန်ထမ်းများကိုအရေးယူခြင်းသည် အဖြေမဟုတ် ဟုယူဆမိသည့်အတွက် အထက်ဖော်ပြပါဖြစ်စဉ်များဖြစ်မလာအောင် ညွှန်ကြား ချက်များကို နှောင့်နှေးကြန့်ကြာမှုများမရှိဘဲ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးတို့ကို မည်သို့သော အစီအမံမျိုးများဖြင့် ကြိုတင်ပြင်ဆင်ထားပါသလဲဆိုသည်ကို သိလိုကြောင်း မေးမြန်းပါသည်။