(ဃ)-အင်းစိန်မြို့နယ်တွင် မြို့မရဲစခန်းအပြင် နယ်မြေရဲစခန်းခွဲအသစ်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား ထပ်မံတိုးချဲ့ ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်စိန်မြို့နယ်သည် ခရိုင်ရုံးစိုက်ရာ မြို့ဖြစ်ခြင်း၊ ဧရိယာ ကျယ်ပြန့်ခြင်း၊ အထင်ကရ နေရာများ ရှိခြင်း၊ လူဦးရေ ထူထပ်သိပ်သည်းလာခြင်း၊ ဖွံ့ဖြိုး တိုးတက်လာခြင်း စသည်တို့ကြောင့် ရာဇဝတ်မှု ကြီး/ငယ်များ ပိုမိုများပြားလာခြင်း၊ ယာဉ်ကြော ပိတ်ဆို့မှုများ ပိုမိုများပြားလာခြင်းတို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အင်းစိန်မြို့မ ရဲစခန်းအပြင် နယ်မြေ ရဲစခန်းခွဲအသစ်တစ်ခုနှင့် ယာဉ်ထိန်းတပ်ဖွဲ့အင်အား ထပ်မံတိုးချဲ့ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိလျှင် မည်သည့်နေ့ရက် အချိန်များတွင် ပြုလုပ်ပေးမည်နည်းနှင့် မရှိလျှင် အဘယ်ကြောင့်နည်း သိရှိလိုသည့် မေးခွန်းဖြစ်ပါကြောင်း၊
အင်းစိန်မြို့နယ်သည် ခရိုင်ရုံးစိုက်ရာ မြို့နယ်ကြီး တစ်ခုဖြစ်သည့်အပြင် ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်များ နှင့်ဆက်စပ်လျက် ရှိပါကြောင်း၊ ဧရိယာအကျယ်အဝန်းသည် ၁၃.၅၂၅ မိုင်ဖြစ်ပြီး လူဦးရေ နှစ်သိန်းရှစ်သောင်းကျော်နှင့် ရပ်ကွက်ပေါင်း ၂၁ ရပ်ကွက် ရှိပါကြောင်း၊ တိုင်းရင်းသား လူမျိုးပေါင်းစုံရှိပြီး တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် ဘာသာရေး အဆောက်အဦများ၊ စာသင်ကျောင်းများ တည်ရှိရာနေရာ ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အစိုးရလက်ထက်တွင် မြို့နယ်၏ တည်နေရာ အကျယ်အဝန်းသည် သိသိသာသာ ပြောင်းလဲခြင်း မရှိသော်လည်း စက်မှုဇုန်များ၊ အဆင့်မြင့် ဈေးကြီးများအပြင် ယခင် အစိုးရအဆက်ဆက်က ပိတ်ထားခံရသည့် နိုင်ငံ့ဂုဏ်ဆောင် ကျောင်းများလည်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် အရှိန်အဟုန်ဖြင့် တိုးတက်နေသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာသည့်အပြင် လူဦးရေလည်း ပိုမိုသိပ်သည်း များပြားလာခဲ့ပါကြောင်း၊ တစ်ဖက်တွင် ဘေးထွက်ဆိုးကျိုးဖြစ်သည့် ရာဇဝတ်မှုများလည်း ပိုမိုများပြားလာခဲ့ပါကြောင်း၊ ထို့ပြင် ရွှေပြည်သာစက်မှုဇုန်၊ လှိုင်သာယာ စက်မှုဇုန်များသို့ ကွန်တိန်နာကားများ ဝင်/ထွက်ရာ လမ်းကြောင်းပေါ်တွင် ရှိနေသည့်အတွက် ယာဉ်ကြော ပိတ်ဆို့မှုများလည်း ပိုမိုဖြစ်ပေါ်လျက် ရှိပါကြောင်း၊
၎င်းအခြေအနေကို ကျော်လွှားနိုင်ရန် အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ CSO၊ NGO များ၊ ပြည်သူများ ပူးပေါင်းပြီး လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ခဲ့ပါသော်လည်း ဝန်နှင့်အား မျှခြင်း မရှိ အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်သည့်အတွက် ကြိုးစားသလောက် ခရီးမရောက် ဖြစ်နေရပါကြောင်း၊ အထူးသဖြင့် မိမိတို့ အင်းစိန်မြို့နယ်သည် မြို့နယ်နှင့် ထိစပ်နေသည့် မင်္ဂလာဒုံလေယာဉ်ကွင်း၏ လုံခြုံရေးနှင့်အတူ မိမိတို့ အင်းစိန်မြို့နယ်တွင် ကမ္ဘာကျော်၊ နိုင်ငံကျော်အမှုများ မဖြစ်ခဲ့သော်လည်း ၎င်းအမှုများ၏ တရားခံများ ရုံးထုတ်ထားရာ အင်းစိန်ဗဟိုအကျဉ်းထောင် ရှိနေသည့်အပြင် အမှုများကို စစ်ဆေးသည့် ခရိုင်တရားရုံးသည် အင်းစိန်မြို့နယ်တွင် ရှိနေသည့်အတွက် လုံခြုံရေး လိုအပ်ချက်အပေါ် မူတည်ပြီး မြို့နယ်ရဲတပ်ဖွဲ့အင်အားနှင့် ယာဉ်ထိန်းအင်အားကို ဖွဲ့စည်းပုံပြည့် အင်အားဖြည့် ကြိုးစားနေရသည့်အတွက် အခြားတစ်ဖက်တွင် မြို့နယ်ပြည်သူလူထုများ၏ ဘဝလုံခြုံရေး၊ ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရေးတို့ကို တာဝန်ယူ ဆောင်ရွက်သည့်အချိန်တွင် အင်အားပြည့် မသုံးနိုင်သည့်အတွက် တရားဥပဒေစိုးမိုးရေးသည် တဖြည်းဖြည်း လျော့ကျလာပြီး အန္တရာယ်ရှိသည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ခံစားနေရသည့်အတွက် ပြည်သူများက မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်သို့ ကွင်းဆင်းသည့်အခါတွင် လည်းကောင်း၊ လူကိုယ်တိုင်သော် လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ ဖုန်းဆက်၍ သော်လည်းကောင်း အမျိုးမျိုးတင်ပြ အကူအညီ တောင်းကြလာသည့်အတွက် အထူးသဖြင့် တယ်လီဖုန်း၊ ပိုက်ဆံအိတ်ဖြင့် အခြားရွှေ၊ ငွေ၊ ရတနာများကို နေ့/ည မရွေး လုယူခံနေရခြင်းသည် ပြည်သူများ ဆက်သွယ် အကူအညီ တောင်းနေသည့်အတွက် မြေပြင် အခြေအနေအမှန်ကို သိရှိနေရခြင်း ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ(က)တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် မဏ္ဍိုင်ကြီး(၃)ရပ်ကို အတတ်နိုင်ဆုံး ပိုင်းခြားသုံးစွဲခြင်းဖြင့် အချင်းချင်း ပြန်လည်ထိန်းကျောင်းခြင်းပြုရန် ပြဋ္ဌာန်းထားပါကြောင်း၊ ဥပဒေပြုရေး မဏ္ဍိုင်သည် မိမိတို့ လွှတ်တော်ကို ယ်စားလှယ်များက သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စားပြုဆောင်ရွက်ပေးရန် တာဝန်ရှိသည့်အတွက် ယခုမေးခွန်းကို မေးမြန်းပါသည်။