(ခ)-နှစ်နိုင်ငံတရားဝင်သွားလာခွင့်နှင့် ကုန်သွယ်ခွင့်ရရှိရန် မယ်စဲ့မြို့နယ်ရှိ ဟိုစဲ့ကျေးရွာ BP-14 နယ်စပ် ဂိတ်နှင့် ထိုင်းနိုင်ငံ၊ ဆောင်ဟိန်ကျေးရွာနယ်စပ်ဂိတ်တို့ကို ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

(ခ)-နှစ်နိုင်ငံတရားဝင်သွားလာခွင့်နှင့် ကုန်သွယ်ခွင့်ရရှိရန် မယ်စဲ့မြို့နယ်ရှိ ဟိုစဲ့ကျေးရွာ BP-14 နယ်စပ် ဂိတ်နှင့် ထိုင်းနိုင်ငံ၊ ဆောင်ဟိန်ကျေးရွာနယ်စပ်ဂိတ်တို့ကို ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

တိုင်းပြည်အခွန်ဘဏ္ဍာတိုးပွားလာရန်အတွက် နယ်စပ်ဝင်ပေါက်ဂိတ်ကို အတတ်နိုင်ဆုံး နှစ်နိုင်ငံ အစိုးရ နှင့် တွေ့ဆုံညှိနှိုင်းပြီး တရားဝင်ဖွင့်လှစ်ပေးစေချင်ပါကြောင်း၊ ယခုလိုနယ်စပ်ဂိတ်များကို တရားဝင်ဖွင့်လှစ်ပေးမည်ဆိုလျှင် တိုင်းပြည်အခွန်အခ မြောက်မြားစွာ ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ယခုဆိုလျှင် တိုင်းပြည်ကို အခွန်အခနှင့်ပဲဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်လူမှုကိစ္စအဝဝ များကို အခွန်အခတွေနဲ့ပဲ ဆောင်ရွက်ပေးနေကြောင်း၊ ဒါကြောင့် တိုင်းပြည် အခွန်အခငွေများ ကို တစ်ဖက်တစ်လမ်းမှရရှိနိုင်ရန် အတွက် နယ်စပ်ဝင်ပေါက်ဂိတ်တစ်ဂိတ်ဖြစ်သည့်  မယ်စဲ့မြို့နယ်၏ BP-14 နယ်စပ်ဂိတ်ကို တရားဝင် ဖွင့်လှစ်ပေးစေချင်ပါကြောင်း၊ လောလောဆယ် တွင် BP-13 နယ်စပ်ဂိတ်ကို တရားဝင်ဖွင့်လှစ်ထားပေးကြောင်း၊ မိမိတို့မြန်မာနိုင်ငံ ဘက်အခြမ်းအနေဖြင့် BP-13 နယ်စပ်အထိ လမ်းအဆင့်မြှင့်ပြီး ကတ္တရာလမ်းများလည်း ခင်းပြီး ပါကြောင်း၊ ထိုင်းနိုင်ငံ ဘက်အခြမ်းမှာ နယ်စပ်ထိလမ်းခင်းရန် ၉ကီလိုမီတာသာ ကျန်ရှိပါကြောင်း၊ သို့သော် သစ်တော ကြိုးဝိုင်းဖြစ်သည့်အတွက် ၎င်း ၉ကီလိုမီတာကျန်ရှိသည့် လမ်းကိုခင်း၍ မရဖြစ်နေပါကြောင်း၊ လောလောဆယ်ဆယ်တွင် တောလမ်းအတိုင်းသွား၍ ကုန်သည်များ အတွက် အထိုက်အလျောက် ကူးသန်းရောင်းဝယ်ရေးများပြုလုပ်နေကြပါကြောင်း၊ သို့သော်လည်း ခရီးမိုင်တိုင် အရပြောမည် ဆိုလျှင် BP-13 နယ်စပ်ဂိတ်နှင့် နယ်စပ်မြို့နယ် နှင့်ဆိုလျှင် ၁၅ မိုင်လောက် ဝေးကွာ ပါကြောင်း၊ ထိုင်းနိုင်ငံဘက်အခြမ်းကိုကြည့်မယ်ဆိုလျှင် ဘန်ကောက်မြို့မှ BP-13 နယ်စပ်ဂိတ် အထိဆိုလျှင် ၉၉၅ ကီလိုမီတာဝေးကွာပါကြောင်း၊ ထို့ကြောင့် တချို့ကုန်သည် ခရီးသွားပြည်သူများသည် BP-14 နယ်စပ်ဂိတ်ကို တရားဝင်ဖွင့်လှစ်ပေးရန် တောင်းဆိုပါကြောင်း၊

BP-14 နယ်စပ်ဂိတ်သည် မယ်စဲ့မြို့နှင့်ဆိုလျှင် ခုနစ်မိုင်လောကသာ ‌ဝေးကွာ ပါကြောင်း၊ထိုင်းနိုင်ငံဘက်နှင့်ဆိုလျှင် ဘန်ကောက်မြို့မှနေ၍ BP-14 နယ်စပ်ဂိတ်သည် ၈၀၀ ကီလို မီတာလောက်သာ ဝေးကွာပါကြောင်း၊ ၎င်းနယ်စပ်ဝင်ပေါက်ဂိတ်နှစ်ဂိတ်ကို နှိုင်းယှဉ် ကြည့်လိုက်မည် ဆိုလျှင်ခရီးမိုင်တိုင်အားဖြင့် တိုတောင်းသည်ကိုလည်း တွေ့မြင်နေရပါကြောင်း၊ တချို့ကုန်သည်ကြီး၊ ကုန်သည်ငယ်များ၊ ခရီးသွား ပြည်သူများသည် BP-14 နယ်စပ်ဂိတ်ကို ပို၍စိတ်အားထက်သန် နေကြသည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ ဘာကြောင့်လဲဆိုလျှင် BP-13 နယ်စပ်ဂိတ်ထက် ပိုမိုနီးနေသည်ကတစ်ကြောင်း၊ ကုန်သွယ်ရေးသွားလာရာတွင်လည်း ပိုပြီး အဆင်ပြေပြေသွားလာနိုင် သည်ကတစ်ကြောင်း၊ သွားရေးလာရေးတွင်လည်း ပိုမိုနီး၍ဖြစ်ပါ ကြောင်း၊ ထိုင်းနိုင်ငံဘက်မှ လမ်းပိုင်း BP-13 လမ်းသည် ကုန်တင်သွားလာ သည့်အခိုက်တွင် ခရီးလမ်းကကြမ်းတမ်းကြောင်း၊ တောင်တက်၊ တောင်ဆင်းများကလည်း အင်မတန်မတ်စောက် သည့်အတွက် ကုန်ပစ္စည်းသယ်ယူရာတွင် လျော့နည်းပြီးသယ်ရသည့် အတွက် ကုန်သည်များ အတွက်လည်း သွားလာရေးမကိုက် ဖြစ်နေပါကြောင်း၊

ထို့ကြောင့် BP-14 နယ်စပ်ဂိတ်ကို BP-13 နယ်စပ်ဂိတ်နည်းတူ တရားဝင် ဖွင့်လှစ်‌ပေးစေချင်ပါကြောင်း၊ ထိုင်းနိုင်ငံနယ်စပ်နှစ်ဂိတ်လုံးကို တရားဝင်ဖွင့်လှစ်ပေးလိုက်မည်ဆိုလျှင် နယ်စပ်ဒေသတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းပြည်သူလူထုများ၏ စားဝတ်နေရေး၊ အလုပ် အကိုင် ဖန်တီးပေးရေး စသည့်အလုပ်အကိုင်ပေါင်းမြောက်မြားစွာတို့ကိုလည်း ဖန်တီးပေးလို့ရပါကြောင်း၊ ယခုဆိုလျှင် မိမိတို့ မယ်စဲ့မြို့နယ် တွင် အကောက်ခွန်ရုံးများ၊ နယ်စပ် ကုန်သွယ်ရေးစခန်းများ၊ ကောင်/စစ်/စီရုံးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား စိစစ်ရေးရုံး များလည်း ထားရှိပါကြောင်း၊ BP-13 လမ်းကို တရားဝင်ဖွင့်လှစ်ခွင့်ရသလို BP-14 လမ်းကိုလည်း တရားဝင်ဖွင့်လှစ်ပေးပါရန် ပြည်ထောင်စု အစိုးရကို လေးစားစွာ တောင်းဆိုပါကြောင်း၊ မယ်စဲ့မြို့နယ်ရှိ BP-14 နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ၊ ဆောင်ဟိန်ကျေးရွာဂိတ်တို့ကို တရားဝင်ဖွင့်လှစ်ခွင့် ရမည်ဆိုလျှင် ခြောက်ညအိပ်ခုနစ်ရက် လည်ပတ်ခွင့်ကိုလည်း ‌ပေးစေ လိုပါကြောင်း၊ မိမိတို့ မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာ BP-14 နယ်စပ်ဂိတ်များ လုံခြုံမှု လည်းရှိပါကြောင်း၊ နိုင်ငံခြား ခရီးသွားဧည့်သည်များ လာလည်မယ်ဆိုလျှင်လည်း ဖြောင့်ဖြောင့် ဖြူးဖြူးနှင့် လည်ပတ်သွားလာ လို့ရပါကြောင်း၊ နိုင်ငံခြားဧည့်သည်များ များပြားလာခြင်းအားဖြင့် ပြည်တွင်းအခွန်အခများစွာ လည်းရရှိမည် လည်းဖြစ်ပါ ကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံများတွင် တည်ရှိနေသည့်  ၎င်းတို့၏မြို့၊ ရွာလေးများသည် နိုင်ငံခြားများနှင့် ခရီးသွားလုပ်ငန်း မှရရှိလာ သည့် အခွန်အခဖြင့် ရပ်တည်နေသည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ မိမိတို့ မယ်စဲ့မြို့နယ် BP-14 နယ်စပ်ဂိတ်ကို တရားဝင် ဖွင့်လှစ်ခွင့် ရမည်ဆိုလျှင် မယ်စဲ့မြို့နယ်သာမက ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ကယားပြည်နယ် ၏မြို့တော် ဖြစ်သည့် လွိုင်ကော်မြို့ပါမကျန် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်လည်း ဖြစ်ပါကြောင်း၊  ကယားပြည်နယ် သည် ကုန်းတွင်းပိတ် ပြည်နယ်တစ်ခု ဖြစ်ကြောင်း၊ ကုန်းတွင်းပိတ် ပြည်နယ်ဖြစ်သည့်အတွက် စီးပွားရေးတိုးတက်ကောင်းမွန်လာနိုင်အောင် နယ်စပ်ဝင်ပေါက်ဂိတ် ဖြစ်သည့် BP-14 နယ်စပ် ဂိတ်ကိုလည်း ထပ်မံ၍တိုးချဲ့ဖွင့်လှစ်ပေး‌စေချင်ပါကြောင်း၊ တစ်ဖက်တွင် လည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သည်လည်း တွင်တွင်ကျယ်ကျယ်နှင့် ဖြစ်မြောက်လာမည်လည်း ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ကယားပြည်နယ်တွင် ဟိုတယ်နှင့်ခရီးသွား လာရေး မြောက်မြားစွာရှိလာပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး တွင်တွင်ကျယ်ကျယ်ခွင့်ပြုပေးလိုက်မည်ဆိုလျှင် တိုင်းပြည်နယ် အတွက် အခွန်အခ သာမက ပြည်နယ်အတွက်အခွန်အခပါ ရရှိလာမည်ဖြစ်သည့်အတွက် နှစ်နိုင်ငံ သွားလာခွင့်နှင့် ကုန်သွယ်ခွင့်ရရှိစေရန် မယ်စဲ့မြို့နယ် BP-14 ဟိုစဲ့နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ၊ ဆောင်ဟိန်ကျေးရွာနှင့် နယ်စပ်ဂိတ်တို့ကို ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/ မရှိမေး မြန်း ပါသည်။