(ဃ)-မြန်မာနိုင်ငံတွင် P.R ရရှိပြီးသူ မူလမြန်မာနိုင်ငံဖွားဆရာဝန်ကြီးများနှင့်ပတ်သက်၍ ကန့်သတ် ချုပ်ချယ်မှုများကို တခြားနိုင်ငံများကဲ့သို့ ဖြေလျှော့ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားအထူးကုဆရာဝန်ကြီး အချို့သည် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားတိုင်းပြည်များသို့သွားရောက် လုပ်ကိုင်နေထိုင်ခဲ့ကြရပါကြောင်း၊ ဦးနှောက်ယိုစီးခြင်း(Brain Drain)ဖြစ်ခဲ့ရပြီး တိုင်းပြည်အတွက် နစ်နာခဲ့ရပါကြောင်း၊ ထို့နောက်ပိုင်းတွင် ပြည်သူလူထု ရွေးကောက်တင်မြှောက်သည့်အစိုးရများ၊ လွှတ်တော်များပေါ်ပေါက်လာပြီး တိုင်းရင်းသားအထူးကုဆရာဝန်ကြီးတချို့သည် နိုင်ငံတကာမှ နှစ်ပေါင်းများစွာ မိမိတို့ရရှိခဲ့သည့် တန်ဖိုးကြီးလှစွာသောအတွေ့အကြုံ၊ ပညာရပ်များကို မျှဝေ အသုံးချ၍ အမိမြန်မာနိုင်ငံရှိဆရာဝန်များနှင့် ပြည်သူများအကျိုးငှာ အမိနိုင်ငံတွင် အမြဲပြန်လည် နေထိုင်ရန် ပြန်လည်ရောက်ရှိလုပ်ကိုင်ခဲ့ကြပါကြောင်း၊ ၎င်းတို့သည် PR-Permanent Resident ခေါ် နိုင်ငံတွင်းအမြဲနေထိုင်ခွင့်လျှောက်ထားရရှိခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ထိုင်း၊ စင်ကာပူ စသော အာဆီယံနိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုနှင့် ဩစတြေးလျ အစရှိသော နိုင်ငံများတွင် PR ရရှိပြီးသူများသည် ရွေးကောက်ပွဲများတွင် ဝင်ရောက်အရွေးခံခွင့်နှင့် မဲပေးပိုင်ခွင့် များမှလွဲ၍ ကျန်ရှိသောနိုင်ငံသားအခွင့်အရေးများ အပြည့်အဝတစ်ပြေးညီရရှိကြောင်း သိရှိရပါ ကြောင်း၊
ယခုအခါ မြန်မာနိုင်ငံတွင် PR ရရှိပြီးဖြစ်သူ မူလမြန်မာနိုင်ငံဖွားအထူးကုဆရာဝန်ကြီးများနှင့် ပတ်သက်၍ လိုင်စင်ကြေးအပြင် အခြားသတ်မှတ်ထားသော အခြားကြေးငွေများပေးသွင်းရ သည့်အပြင် ကုသခွင့်ရှိသောဆေးပညာအမျိုးအစား၊ နေရာ၊ ဒေသနှင့် အချိန်ကာလများကို သီးခြား သတ်မှတ်ကန့်သတ်ချုပ်ချယ်မှုအမျိုးမျိုးရှိနေသဖြင့် နိုင်ငံပြည်သူများနှင့် ဆေးပညာရှင်ဆရာဝန် များအတွက် အကျိုးပြုထမ်းဆောင် တန်ဖိုးမဖြတ်နိုင်သည့်အတွေ့အကြုံ၊ ပညာရပ်များ မျှဝေပေး လိုသော အထူးကုဆရာဝန်ကြီးများအတွက် အခက်အခဲများကြုံတွေ့နေရသည့်အပြင် နောက်ထပ် ပြည်တော်ပြန်ဝင်လိုကြသော မြန်မာပြည်ဖွားတိုင်းရင်းသားဆရာဝန်ကြီးများအတွက်လည်း အဟန့် အတားဖြစ်နေရပါကြောင်း၊ ထို့ကြောင့် Permanent Resident ရရှိပြီးသူ မူလမြန်မာနိုင်ငံဖွား တိုင်းရင်းသားအထူးကုဆရာဝန်ကြီးများနှင့်ပတ်သက်၍ ကန့်သတ်ချုပ်ချယ်မှုများကို တခြားနိုင်ငံ များကဲ့သို့ ဖြေလျှော့ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။