(ဂ)-တိုက်နယ်ဆေးရုံများတွင် သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာဌာန တိုးချဲ့ဖွင့်လှစ်ပေးရန်နှင့် ဆရာဝန်ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

နိုင်ငံတစ်ဝန်းလုံးရှိ ၇၀ ရာခိုင်နှုန်းခန့်သော ပြည်သူပြည်သားများသည် ကျေးလက်တောရွာဒေသ များတွင် နေထိုင်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ကျေးလက်နေပြည်သူအများစုသည် ရှေးခတ် အဆက်ဆက်မှ ယနေ့ကာလအထိ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထားပြီး  ခက်ခဲပင်ပန်းကြီးစွာ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေထိုင်ကြရသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ လျှပ်စစ်မီး အပြည့်အစုံမရရှိခြင်း၊ ပညာရေး၊ ကျန်းမာရေး နိမ့်ကျခြင်းကြောင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာနောက်ကျကျန်ရစ်ခဲ့သည်မှာ ယနေ့ မျက်မှောက်ကာလအထိ ဖြစ်ပါကြောင်း၊ အထူးသဖြင့် နယ်စပ်တိုင်းရင်းသားဒေသနေ ပြည်သူများ ၏နေထိုင်မှုဘဝကိုကြည့်ပါက ပိုမိုသိသာထင်ရှားစွာ တွေ့မြင်နေရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရအဆက်ဆက်များအနေဖြင့် ကျေးလက်နေပြည်သူများအတွက်  လက်လှမ်းမီသော နိုင်ငံအနှံ့ ဒေသများတွင် တိုက်နယ်ဆေးရုံများ တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊

ယခုနှစ်ကာလအထိ တိုက်နယ်ဆေးရုံ ၇၄၄ ရုံရှိသည်ကို အချက်အလက်အရ သိရှိရပါကြောင်း၊ တိုက်နယ်ဆေးရုံရှိခြင်းကြောင့် ကျေးလက်နေပြည်သူများအတွက် စရိတ်စကနည်းနည်းဖြင့် ကျန်းမာရေး ကုသစောင့်ရှောက်မှုများ အဆင်ပြေလျက်ရှိပါကြောင်း၊ အခါအားလျော်စွာ တိုက်နယ်ဆရာဝန် နှင့် ဝန်ထမ်းများက ပတ်ဝန်းကျင်ကျေးရွာများသို့ ကွင်းဆင်းကုသပေးခြင်း၊ ပညာပေးခြင်းများက လည်း ကျေးလက်နေပြည်သူများအတွက်   အကျိုးကျေးဇူးများပြားလှပါကြောင်း၊ သွားနှင့် ခံတွင်း ကျန်းမာရေးသည် လူ့ခန္ဓာကိုယ်တစ်ခုလုံးအတွက် အလွန်အင်မတန်အရေးကြီးကြောင်း သွားနှင့် ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာများသိရှိရပါကြောင်း၊ သွားနှင့် ခံတွင်းမကောင်းပါက ၎င်းမှ အစပြုပြီး ခန္ဓာကိုယ်အခြားအစိတ်အပိုင်းများ ဥပမာ-နှလုံးနှင့်သက်ဆိုင်သောရောဂါများ၊ ဆီးချို ရောဂါများတွင် ဘေးဥပါဒ်ဖြစ်စေပြီး ဆောလျင်စွာကုသမှုမခံယူပါက လူ့သက်တမ်းစေ့နေထိုင်ရန် စိန်ခေါ်မှုဖြစ်စေကြောင်း သိရှိရပါကြောင်း၊ ကျေးလက်ဒေသများတွင် အထွေထွေကျန်းမာရေးဆိုင်ရာ ကွင်းဆင်းကုခြင်း၊ ပညာပေးခြင်းများ မကြာခဏကွင်းဆင်းဆောင်ရွက်ပေးခြင်း တွေ့ရသော်လည်း သွားနှင့်ခံတွင်းဆိုင်ရာကုသပညာပေးမှုအနေဖြင့် နည်းပါးလှပါကြောင်း၊ သွားနှင့် ခံတွင်းကျန်းမာ ရေးဆိုင်ရာဗဟုသုတနည်းပါးခြင်းကြောင့် မိမိမဲဆန္ဒနယ်ထဲတွင် ကျေးလက်နေပြည်သူအများစု အသက် ၅၀ ကျော်များကိုကြည့်ပါက သွားများပျက်စီးနေကြခြင်းကို များစွာတွေ့ရှိရပါကြောင်း၊ အခြားမြို့နယ်များတွင်လည်း တွေ့ရှိနေရပါကြောင်း၊ သွားရောဂါဖြစ်လာပါကလည်း မိရိုးဖလာ သစ်မြစ်၊ သစ်ခေါက်တိုင်းရင်းဆေးများနှင့်သာ လက်တလောသက်သာစေသောနည်းဖြင့် ကုသမှုကို ခံယူနေကြရပါကြောင်း၊

သွားနှင့် ခံတွင်းကျန်းမာရေးနှင့် ကုသရေးဌာနများသည် မြို့ကြီးပြကြီးများနှင့် မြို့နယ်ဆေးရုံ များတွင်သာရှိသည့်အတွက် ဝေးလံသောကျေးလက်နေပြည်သူများအနေဖြင့် ကုသမှုခံယူရာတွင် စရိတ်စကအကုန်အကျကြီးမားပြီး စီးပွားရေးနိမ့်ကျသောပြည်သူများအတွက်        အခက်အခဲ ဖြစ်နေ ပါသဖြင့် ၎င်းတို့နှင့်အနီးစပ်ဆုံးရှိပြီး မှီခိုအားထားသော တိုက်နယ်ဆေးရုံများတွင် သွားနှင့် ခံတွင်း ကျန်းမာရေးဌာနနှင့် သွားဘက်ဆိုင်ရာဆရာဝန် လိုအပ်လျက်ရှိကြောင်း တွေ့ရှိရသကဲ့သို့ ကျေးလက်နေမဲဆန္ဒရှင်ပြည်သူများကလည်း တင်ပြတောင်းဆိုပေးရန်ပြောကြားလာပါကြောင်း၊

သို့ဖြစ်ပါ၍ ကျေးလက်နေပြည်သူအများစု အဓိကအားထားမှီခို လက်လှမ်းမီသော တိုက်နယ် ဆေးရုံများတွင် သွားနှင့်ခံတွင်းကုသရေးဌာနနှင့်       သွားဘက်ဆိုင်ရာဆရာဝန်များ တိုးချဲ့‌ဖွင့်လှစ် ခန့်ထားပေးမည့်အစီအစဉ်ရှိ/မရှိနှင့် ဆောင်ရွက်ပေးမည့်အစီအမံကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။