(င)-လင်းခေးမြို့နယ်တွင် သင့်လျော်သောမြေနေရာ၌ အဆင့်မီ မိုးလုံလေလုံအားကစားရုံတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့သည် မြို့နယ်လေးခုပါဝင်သည့် လင်းခေးခရိုင်ရုံး စိုက်ရာ မြို့ဖြစ်ပြီးခရိုင်အားကစားနှင့် ကာယပညာဦးစီးမှူးရုံးနှင့် မြို့နယ်အဆင့်ရုံးများ  ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း၊ သင့်တင့်သည့်ဘောလုံးကွင်းရှိသော်လည်း ဘောလီဘော၊ ဘတ်စကတ်ဘော၊ ကြက်တောင်နှင့် အခြားအားကစားလုပ်ငန်းယှဉ်ပြိုင်ပွဲ၊ လေ့ကျင့်ပွဲများ အချိန်မရွေး၊ ရာသီမရွေး ကစားနိုင်သည့် မိုးလုံလေလုံအားကစားရုံမရှိသေးပါကြောင်း၊ ဘောလီဘောနှင့်  ဘတ်စကတ်ဘော ကို ရုံပြင်တွင်ကစားနိုင်သည်ဆိုသော်လည်း ဥပမာအားဖြင့် ကြက်တောင်ရိုက်ပြိုင်ပွဲတို့သည် ရုံတွင်းတွင်သာ အဆင်ပြေမည်ဖြစ်ပါကြောင်း၊ လက်ရှိလင်းခေးမြို့နယ်တွင် ပြုလုပ်သည့့် ကြက်တောင်ပြိုင်ပွဲများကို မိမိတို့လင်းခေးမြို့နယ်ခန်းမ(နော်ရဝတီခန်းမ)တွင် ကျင်းပကစားနေရ သည့်အတွက် အဆင်မပြေမှုပေါင်းများစွာနှင့် ကြုံတွေ့နေရပါကြောင်း၊ ခရိုင်ရုံးစိုက်ရာ မြို့ဖြစ်သည်နှင့်အညီ ခရိုင်နှင့်မြို့နယ် လက်ရွေးစင်အားကစားသမားများ ရာသီမရွေးလေ့ကျင့်နိုင် သည့် မိုးလုံလေလုံအားကစားရုံမရှိမဖြစ် လိုအပ်လျက်ရှိနေပါကြောင်း၊ အားကစားရုံအတွက် လိုအပ်သည့်မြေနေရာကို လက်ရှိဘောလုံးကွင်းအား တောင်ဘက်ကို အနည်းငယ်သင့်တော်သလို ရွှေ့ပေးမည်ဆိုလျှင်  လမ်းနှင့် နီးကပ်ပြီးလုံခြုံစိတ်ချစွာဖြင့် အလွယ်တကူဝင်/ထွက်နိုင်သည့် အနေအထားရှိပါကြောင်း၊

ထို့အပြင်ဝန်ကြီးဌာနအချင်းချင်းညှိနှိုင်းဆောင်ရွက်နိုင်မည်ဆိုလျှင် ဘောလုံးကွင်း၏မျက်နှာချင်း ဆိုင်လမ်း၏မြောက်ဘက်တွင် ယခင် အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ဗာဂျီးနီးယားဆေးလုပ်ငန်း ပိုင်သည့် မြေနေရာခုနစ်ဧက ရှိနေပါကြောင်း၊ ဆောက်လုပ်ရန်အထူးသင့်လျော်သည့် မြေနေရာ ဖြစ်နေသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ လင်းခေးခရိုင်၊ လင်းခေး မြို့နယ်အတွက် အားကစားအဆင့်မြှင့်တင်ရေးဆောင်ရွက်နိုင်ရန် အထူးလိုအပ်လျက်ရှိသည့် အဆင့်မီမိုးလုံလေလုံအားကစားရုံတစ်ခုကို သင့်လျော်သည့်မြေနေရာတွင် တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။