(စ)-သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်းကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာ၏ ကိုယ်ထူကိုယ်ထ တိုက်နယ် ဆေးရုံ ဖွဲ့စည်းပုံခွင့်ပြုမိန့်ကို အမြန်ဆုံးချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ ကိုယ်ထူကိုယ်ထတိုက်နယ်ဆေးရုံ တည်ဆောက်ရေးကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရှေးဦးစွာ ဆေးရုံဖြစ်မြောက်ရေး ကော်မတီ၊ ရပ်မိရပ်ဖများနှင့် ဖွဲ့စည်းပြီး သပိတ်ကျင်းမြို့နယ်၊ ကုသရေး ဦးစီးမှူးနှင့်တွေ့ဆုံ ဆွေးနွေးတိုင်ပင်ပြီး မြို့နယ်ဆရာဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းစီမံချက်များရေးဆွဲပြီး ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ဆေးရုံတည်ဆောက်ရေးနှင့် ဖွဲ့စည်းပုံ ခွင့်ပြုမိန့်လျှောက်ထားရန်အတွက် လုပ်ငန်း‌စာ များကို မြို့နယ်ကုသရေးဦးစီးမှူးရုံးကို တင်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ မြို့နယ်ကုသရေး ဦးစီးမှူးရုံး မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ ကုသရေး ဦးစီးမှူးရုံး၊ ထိုမှတစ်ဆင့် နေပြည်တော် ကုသရေး ဦးစီးဌာန (ရုံးချုပ်)ကို ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်ပေး ပို့တင်ပြပြီး ဖြစ်ပါကြောင်း၊ နေပြည်တော် ကုသရေးဦးစီးဌာနမှ ၆-၇-၂၀၁၇ ရက်စွဲပါစာဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ ပေးပို့ထားပြီးဖြစ်ကြောင်း မိမိအနေဖြင့် ၂၀၁၈ ခုနှစ် ဩဂုတ်လက ကြယ်ပွင့်မပြ မေးခွန်း မေးမြန်းထားသည့် အပေါ်တွင် ပြန်လည်ဖြေဆို ထားချက်ကို သိရှိရပါကြောင်း၊

ဆေးရုံဖြစ်မြောက်ရေး ကော်မတီအနေဖြင့်လည်း ဆေးရုံတည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် စတည်ဆောက်ရာတွင် ဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် စံကိုက် အဆောက်အဦ အင်္ဂါရပ်များနှင့်အညီ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း ကြိုးစားပြီး တည်ဆောက်လာသည့်အတွက် ပြီးစီးလုနီးပါး ဖြစ်ပါကြောင်း၊ ခန့်မှန်းတွက်ချက်မှုများ အရ လုပ်ငန်းတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဟု ဆိုရမည် ဖြစ်ပါကြောင်း၊ အလှူရှင်များ အနေဖြင့် မိမိတို့ ဦးစွာမတည်လှူဒါန်းခဲ့သည့် ပင်မဆောင် အလှူရှင်များအပြင် ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီများ၏ လှူဒါန်းငွေ၊ အခြားစီးပွားရေး လုပ်ငန်းရှင်များ၏ လှူဒါန်းငွေနှင့် ကျေးရွာသူကျေးရွာ သားများ၏ လှူဒါန်းငွေများဖြင့် စုပေါင်းပြီး တည်ဆောက်ထားမှုသည် လက်ရှိတွင် လေးနှစ်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ဇရပ်ကွင်း ကိုယ်ထူကိုယ်ထတိုက်နယ်ဆေးရုံ၏ မျက်နှာစာအတွက် ဇရပ်ကွင်းရွာက စက်သုံးဆီ ရောင်းဝယ်ရေး၊ Golden Key ဆီပန့်ဆိုင် မိသားစုက လှူဒါန်းထားခြင်း ဖြစ်ပါကြောင်း၊ ဧရိယာ အကျယ်အားဖြင့် ၅.၇၃ ဧကရှိပြီး မြေစာရင်းပုံစံ(၁၀၅)လည်း မိမိတို့ လက်ဝယ်ရရှိထားပြီး ဖြစ်ပါကြောင်း၊ သပိတ်ကျင်းမြို့နယ်ဆေးရုံဖြင့် ၁၆ မိုင်ကွာဝေးပြီး မန္တလေး-မိုးကုတ် ကားလမ်း နံဘေးတွင် တည်ရှိပါကြောင်း၊ ပတ်ဝန်းကျင် ကျေးရွာအုပ်စု ငါးအုပ်စု၊ ကျေးရွာပေါင်း ၃၂ ရွာဖြင့် လူဦးရေ လေးသောင်းကျော်၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဆရာဝန်ကြီးအတွက် တည်ဆောက်ထားသည့် နေအိမ်အဆောက်အဦ၊ သူနာပြု ဆရာမများအတွက် အဆောက်အဦနှင့် ရေစင်တို့ကို ဇရပ်ကွင်းရွာက Lucky စားသောက်ဆိုင် မိသားစုက လှူဒါန်းထား ခြင်းဖြစ်ပြီး‌ အပေါ်ရေကန်နှင့် အောက် Air Compressor ထားမည့် စက်ခန်းနှင့် တွဲပြီး တည်ဆောက် ထားခြင်း ဖြစ်ပါကြောင်း၊ တစ်နာရီကို ရေဂါလန် ၂၀၀၀ ထုတ်နိုင်မည့် စက်ရေတွင်းကို တူးပြီး ဖြစ်ပါကြောင်း၊ ၁၀၀ ကေဗွီ ထရန်စဖော်မာကို ဇရပ်ကွင်းရွာ ကိုယ်ထူကိုယ်ထမီးလင်းရေးကော်မတီ ၏ ကော်မတီရန်ပုံငွေမှကျခံပြီး‌ထည့်ဝင်လှူဒါန်းထားသည့် ထရန်စဖော်မာ ဖြစ်ပါကြောင်း၊ အများသုံး ရေချိုးကန်ကို ဇရပ်ကွင်းရွာ ကျော်စတိုး မိသားစုက လှူဒါန်းထားကြောင်း၊ ဆေးရုံ၏ အလယ်ရှိ အဆောက်အဦသည် ခွဲစိတ်ခန်းဖြစ်ပြီး ဘေးနှစ်ဖက်သည် အမျိုးသား/အမျိုးသမီး သန့်စင်ခန်းများ ဖြစ်ပါကြောင်း၊ အခြားဆေးရုံဝန်ထမ်းများအတွက် အဆောက်အဦနှင့် ရင်ခွဲရုံ တို့ရှိပါကြောင်း၊ မိမိတင်ပြခဲ့သည့် ဇရပ်ကွင်းကျေးရွာ ကိုယ်ထူကိုယ်ထတိုက်နယ် ဆေးရုံဖွင့်လှစ်ခွင့် ရရှိမည်ဆိုပါက ပတ်ဝန်းကျင်ကျေးရွာအုပ်စုငါးအုပ်စုနှင့် ကျေးရွာပေါင်း ၃၀ ကျော်၊ လူဦးရေပေါင်း လေးသောင်း ကျော်၏ ကျန်းမာရေးစောင့်ရှောက်မှုကို အနီးကပ် ပြုစုစောင့်ရှောက်မှုပေးနိုင်မည် ဖြစ်သည့်အတွက် ဖွဲ့စည်းပုံခွင့်ပြုမိန့်ကို အမြန်ချထားပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။