(ဆ)-နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံအား ခုတင်(၅၀) မှ ခုတင်(၁၀၀) ဆံ့ ဆေးရုံအဆင့်သို့ တိုးမြှင့် ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-31

 

နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံအတွက် ကုတင်(၅၀)ဆံ့ ဆေးရုံအတွက် အဆင့်မြှင့်တင်ပြီး ကုတင်(၁၀၀)ဆံ့ ဆေးရုံတောင်းမည် ဖြစ်ပါကြောင်း၊ နတ်မောက်မြို့သည် ကျေးရွာ အုပ်စု ၈၀၊ ကျေးရွာပေါင်း ၂၃၄ ရွာ၊ အိမ်ခြေပေါင်း ၄၉၀၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၅၀၀၀၀ ကျော်ဖြင့် လူဦးရေ ၂၅၀၀၀၀ ခန့် နေထိုင်ပြီး   မြေဧရိယာများစွာ ကျယ်ဝန်းသဖြင့် မကွေးတိုင်းတွင် မြေတိုင်းစာရေး အများဆုံး ခန့်အပ်ရသည့် မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ လက်ရှိ နတ်မောက် မြို့နယ်တွင် ခုတင်(၅၀)ဆံ့ ဆေးရုံ တစ်ရုံ၊ (၁၆) ခုတင်ဆံ့ ဆေးရုံ နှစ်ရုံ၊ မိခင်နှင့် ကလေး စောင့်ရှောက်‌ရေး ဌာနတစ်ခု၊ ကျေးလက် ကျန်းမာရေးဌာန ရှစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၂ ခု ရှိပြီး လူဦးရေနှင့် ဆရာဝန် အချိုးသည် ၁:၈၁၈၅၆ ဖြစ်ပါကြောင်း၊ ထို့ကြောင့် နတ်မောက်မြို့မှ မကွေးမြို့ကို သွားပြီး သင်ကြားရေး ဆေးရုံ သို့မဟုတ် မကွေးတိုင်းဒေသကြီး အထွေထွေကု ဆေးရုံသို့ သွားမည်ဆိုပါက ၃၈ မိုင်ကွာဝေးပါကြောင်း၊ နေပြည်တော်ခုတင် ၁၀၀၀ ကို သွား မည်ဆိုပါက မိုင်ပေါင်း ၁၂၀ ခန့် ကွာဝေးပါကြောင်း၊ နတ်မောက်မြို့နယ်တွင် တရုတ်-မြန်မာ ချစ်ကြည်ရေးအဖွဲ့မှ လှူဒါန်းခဲ့သည့် တစ်ထပ် RC အဆောက်အအုံ တစ်လုံး၊ ဆေးရုံသုံး အထောက်အကူပစ္စည်းများ လက်ခံရရှိပြီးဖြစ်သော်လည်း ၎င်းဆေးရုံသုံးပစ္စည်းသုံးရန် အသုံးပြု သည့် ဆရာဝန် ဆရာမများ မရှိ၍ ယနေ့အချိန်ထိ အသုံးပြုနိုင်ခြင်း မရှိပါကြောင်း၊ ၂-၃-၂၀၁၈ နေ့ ဒီပက္ကရာ ကျောင်းတိုက်တွင် ဘွဲ့ရ ဆရာတော်သုံးပါးကို ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းသည့်အချိန်တွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ ပြောကြားသည့် မိန့်ခွန်းသည် နတ်မောက်မြို့သည် ခေတ်အဆက်ဆက်အုပ်စိုးသူများ၏ ငြင်းပယ်ခြင်းခံရသည့် အပယ်ခံမြို့လေး၊ နှိမ်ချဆက်ဆံခြင်း ခံရသည့် အနှိမ်ခံ မြို့လေး၊ ရှောင်ကွင်းခြင်း ခံရသည့် မြို့ကလေးဖြစ်လို့ များစွာ နိမ့်ကျလျက် ရှိပါကြောင်း၊ ယခုအခါ သက်ဆိုင်ရာ အာဏာပိုင်များမှ ဝိုင်းဝန်းကူညီ တည်ဆောက်ကြရန် လိုအပ် နေပြီဖြစ်ကြောင်း မိန့်ကြားသွားပါကြောင်း၊ မိမိတို့ မြန်မာပြည်တွင် တိုင်းဒေသကြီး ခုနစ်တိုင်း၊ ပြည်နယ် ခုနစ်ခု ဖြစ်ပြီး နေပြည်တော် ကောင်စီ တစ်ခုရှိပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ကမ္ဘာ့ဘဏ်မှ One State One Town ဆောင်ရွက်ပေးမည်ဟု သိရကြောင်း၊ မကွေး တိုင်းဒေသကြီတွေင် နတ်မောက်မြို့နယ်ကို Smart Town အဖြစ် ရွေးချယ်ပြီး ၂၀၂၀ ခုနှစ်တွင် စတင်ဆောင်ရွက်ပြီး ကမ္ဘာ့ဘဏ်အနေဖြင့် 10 Billion ချပေးမည်ဟု သိရပါကြောင်း၊ Smart Town နှင့် Smart  Hospital ဖြစ်စေရန်အတွက် ပြည်သူလူထုက ခုတင်(၁၀၀) ဆံ့ ဆေးရုံကို အထူးမျှော်လင့် တောင့်တလျက် ရှိပါကြောင်း၊ သို့ပါ၍ ခုတင် (၅၀) ဆံ့ဆေးရုံမှ ခုတင်(၁၀၀) ဆံ့ဆေးရုံအဖြစ်သို့ မည်သည့်အနီးစပ်ဆုံး ဘတ်ဂျက်တွင်  ဆောင်ရွက်ပေးပါမည်ကို သိလိုကြောင်း မေးမြန်းပါသည်။