(က)-ကလေးသူငယ်များ အလုပ်ခိုင်းစေမှု အငယ်ဆုံးအသက်ဆိုင်ရာ ILO Convention No.(138)ကို အတည်ပြုလက်မှတ်ရေးထိုးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

(က)ကလေးသူငယ်များ အလုပ်ခိုင်းစေမှု အငယ်ဆုံးအသက်ဆိုင်ရာ ILO Convention No.(138)ကို အတည်ပြုလက်မှတ်ရေးထိုးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ILO ၏ အခြေခံပြဋ္ဌာန်းချက်ရှစ်ချက်ထဲတွင် အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက် ၂၉၊ (၁၉၃၀) လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ဖွဲ့စည်းခွင့်ကိုကာကွယ်သည့်ပြဋ္ဌာန်းချက် ၈၇၊ (၁၉၄၈) အဆိုးဝါးဆုံး ကလေး အလုပ်သမားခိုင်းစေမှုပုံစံများပြဋ္ဌာန်းချက် ၁၈၂၊ (၁၉၉၉) တို့ကို လက်မှတ် ရေး ထိုး၍ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊

သို့သော် အဓမ္မအလုပ်ခိုင်းစေမှု အဆိုးဝါးဆုံး ကလေးအလုပ်သမားခိုင်းစေမှုများ ရှိနေသေးသည့် အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကလေးအလုပ်သမား များနှင့် ပတ်သက်၍ ILO ၏ အခြေခံပြဋ္ဌာန်းချက်ဖြစ်သည့် ၁၃၈ နှင့် ၁၈၂ တို့ကို အဖွဲ့ဝင်နိုင်ငံများမှ လက်မှတ်ရေးထိုးရန် အကောင်အထည်ဖော်ရန် လမ်းညွှန်ထားရာ မိမိတို့ မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ILO ပြဋ္ဌာန်းချက် ၁၈၂ ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ပြဋ္ဌာန်းချက် အမှတ် ၁၃၈ ကို အာရှနိုင်ငံ၊ ပစိဖိတ်နိုင်ငံအားလုံး လက်မှတ်ရေးထိုးထား သော်လည်းအိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဘရူနိုင်းနိုင်ငံများ ကျန်ရှိနေပါသေးကြောင်း၊

ကလေးအလုပ်သမားဆိုင်ရာကိစ္စများကို ကတိကဝတ်ပြုဆောင်ရွက်ခြင်း နှင့် အရေးယူဆောင်ရွက် ခြင်းများကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများ အရပ်ဘက် အဖွဲ့အစည်းများမှ လုပ်ဆောင်ခဲ့သော်လည်း အားနည်းချက်များ၊ စိန်ခေါ်မှုများ များစွာရှိနေသေးကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးလုပ်သား တစ်သန်းကျော်ရှိပြီး အများစုမှာ အန္တရာယ်ရှိသည့်အလုပ်များ တွင် လုပ်ကိုင်နေကြရပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် အလုပ်သမားဥပဒေများအားနည်းခြင်း သို့မဟုတ် မရှိခြင်းနှင့် ဥပဒေရှိပြီး အရေးယူဆောင်ရွက်မှုမပြုခြင်းများသည် ကလေးအလုပ်သမား အသုံးပြုမှုကို ကြီးစွာသောပံ့ပိုးမှုကို ဖြစ်စေပါကြောင်း၊ မြန်မာနိုင်ငံတွင်  ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေနှင့် အလုပ်ရုံများအက်ဥပဒေများသည် အသက် ၁၄ နှစ်အောက်ကလေးသူငယ်များအလုပ် လုပ် ခြင်းကို တားမြစ်ထားသော်လည်း စိုက်ပျိုးရေးကဏ္ဍနှင့် ပုံစံတကျဖွဲ့စည်းထားခြင်းမဟုတ်သည့် စီးပွားရေး လုပ်ငန်းများတွင် အလုပ်လုပ်နေသည့် ကလေးငယ်များအတွက် အကျုံးမဝင်ပါကြောင်း၊ ထိုကဏ္ဍများတွင် ကလေးအလုပ်သမားများ အများဆုံးရှိနေပါကြောင်း၊ အထက်ပါဆိုင်များနှင့် အလုပ်ဌာနများဥပဒေနှင့် အလုပ်ရုံများတွင် အက်ဥပဒေသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO မှ ကလေးအလုပ်သမား များအတွက် သတ်မှတ်ထားသော အခြေခံပြဋ္ဌာန်းချက်အမှတ် ၁၃၈ ဖြစ်သည့် အငယ်ဆုံးအသက်အရွယ် ဆိုင်ရာ အခြေခံသဘောတရားများနှင့် ကိုက်ညီမှုမရှိပါကြောင်း၊

၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကုလသမ္မဂကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးထားခဲ့ပါကြောင်း၊ ကလေးလုပ်သားဖြစ်ရသည့် အဓိက အကြောင်း အရင်းမှာ ဆင်းရဲနွမ်းပါးမှုကြောင့်ဖြစ်ပါကြောင်း၊ ပညာသင်ကြားရမည့်အရွယ်တွင် ပညာ မသင်ကြားနိုင်ဘဲ မိဘစားဝတ်နေရေးအတွက်၊ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေကြ ရသည့် ကလေးလုပ်သားများဖြစ်ပါကြောင်း၊ မိမိတို့ ကလေးလုပ်သားများ လျော့နည်း ပပျောက် အောင် အစိုးရ၊ လွှတ်တော်၊ အလုပ်ရှင်၊ မိဘ၊ ကလေးများ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှု ရရှိနိုင်မှာဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ကလေးသူငယ်များ အခွင့်အရေးများကို နိုင်ငံတကာဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ၏ပုံရိပ်ကို တိုးမြှင့်ပေးမှာဖြစ်သည့်အတွက် ကလေးသူငယ်များအလုပ်ခိုင်းစေမှု အငယ်ဆုံး အသက်အရွယ်ဆိုင်ရာ ILO ပြဋ္ဌာန်းချက်အမှတ် ၁၃၈ ကို အတည်ပြုလက်မှတ်ရေးထိုးပေး ရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် လက်မှတ်ထိုးမည်၊ မရှိပါက အဘယ်ကြောင့် ဖြစ်သည်ကို သိရှိလို၍မေးမြန်းပါသည်။