(ဈ)-ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အမျိုးသားလျှပ်စစ်စီမံကိန်း (NEP) စနစ်ဖြင့် ဆောင်ရွက်လျက် ရှိသောကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးကြန့်ကြာနေမှုအား အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေး သွားရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-04

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အထိ မိမိ၏မဲဆန္ဒနယ်မြေအတွင်းတွင် Solar Minigrid ကျေးရွာသုံးရွာအပါအဝင် ကျေးရွာပေါင်း ၁၉ ရွာမီးလင်းနိုင်ခဲ့ပြီး မဲဆန္ဒနယ်မြေကို အကျိုးကျေးဇူးပြုနိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွင်းတွင် ကျေးရွာပေါင်း ၁၈ ရွာကို လျှပ်စစ်ဓာတ်အားရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သောကြောင့် အိမ်ထောင်စု ပေါင်း ၂,၇၀၀ ကျော်၊ လူဦးရေ ၁၅,၀၀၀ ခွဲနီးပါးကို ဆက်လက် အကျိုးပြုသွားနိုင်မည် ဖြစ်သောကြောင့် ၂၀၃၀ ခုနှစ်မတိုင်မီတွင် တစ်နိုင်ငံလုံး မီးလင်းရေးစီမံချက်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေပါသလားဟု ဆိုသည့်အသိဖြင့် ကျေနပ်အားရနေမိခဲ့ပါ ကြောင်း၊

သို့သော်အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)ပထမအဆင့်အနေဖြင့် မိမိ၏ မဲဆန္ဒ နယ်မြေ အတွင်းတွင်ရှိသည့် ကြာအင်းကျေးရွာ၊ သမန်းကြီးကျေးရွာ၊ ကုက္ကိုစမ်းကျေးရွာ၊ မကျီးပင်ပု ကျေးရွာ၊ ဒေါင်းလှကျေးရွာ၊ ဝါးရှိကုန်းကျေးရွာ၊ ဝါးရှိချိုင့်ကျေးရွာ၊ အင်းပလက်ကျေးရွာ၊ ဖိုစွတ်ကျေးရွာ၊ သစ်စီးကြောင်းကျေးရွာ၊ လှေဝန်းကျေးရွာစသည့် ကျေးရွာ(၁၁) ရွာကိုရွေးချယ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင်စတင်ကာ မီးလင်းရေးကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ခဲ့ သကဲ့သို့ လိုအပ်သောထရန်စဖော်မာများတပ်ဆင်ခြင်း၊ လမ်းမီးတိုင် စိုက်ထူခြင်းများလည်း လေးနှစ်တာ ကာလအတွင်းတွင် အားလုံးပြီးစီးနေခဲ့ပြီဖြစ်ပါကြောင်း၊

NEP စီမံချက်ထဲမှ ကျေးရွာအချို့သည် ရန်ကုန်မြေကားလမ်းဘေးမှ ကျေးရွာများ ဖြစ်ပြီး ကားလမ်းနှင့် ဝေးသည့် ချောင်ကျသည့်ကျေးရွာများက အရင်ဆုံးမီးလင်းကုန်ပြီး ၎င်းတို့ NEP ကျေးရွာများကတော့ ယခုထိမီးရရန် စောင့်ဆိုင်းနေရဆဲ ဖြစ်ပါကြောင်း၊ ဆက်စပ်ပစ္စည်းများ ကြန့်ကြာနေမှုကြောင့်ဟု မိမိတို့ဖြေရှင်းချက်များ ရှင်းလင်းချက်များ အမျိုးမျိုးပေးနေခဲ့ရသည်လည်း ကာလကြာပြီဖြစ်ကြောင်း၊ လေးနှစ်ကျော်လည်း ရှိလာပြီဖြစ်သည့်အတွက် မကြန့်ကြာသင့်တော့ဘဲ အမြန်ဆုံးမီးလင်းသင့်တာကြောင့်ယခုမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

သို့ပါ၍ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းတွင်ရှိသည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ကြာအင်း၊ သမန်းကြီး၊ ကုက္ကိုစမ်း၊ မကျီးပင်ပု၊ ဒေါင်းလှ၊ ဝါးရှိကုန်း၊ ဝါးရှိချိုင့်၊ အင်းပလက်၊ ဖိုစွတ်၊ သစ်စီးကြောင်း၊ လှေဝန်းစသည့် ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး ကြန့်ကြာနေမှုများအား အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။