(င)-မိုင်းခတ်မြို့နယ်၊ မိုင်းနုံးကျေးရွာအုပ်စုရှိ(ခမ်းနွဲ့) ရေသွယ်မြောင်း(၁၁၅၀)ပေနှင့် ဝမ်ခုတ်ကျေးရွာ အုပ်စု (ဖိုင်တင်း)(၁၀၃၀) ပေ ရေသွယ်မြောင်းတို့ကို ကျောက်စီနံရံထိန်းရေသွယ်မြောင်းအဖြစ် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ မိုင်းခတ်မြို့နယ်သည် တိုင်းရင်းသားလူမျိုးများစွာ စုပေါင်းနေထိုင်ကြသော မြို့နယ် တစ်မြို့နယ်ဖြစ်ပါကြောင်း၊ ပြည်သူများသည် လယ်၊ တောင်ယာများစိုက်ပျိုးခြင်းဖြင့် အသက်မွေး ကြပါကြောင်း၊ ရေသွင်းလယ်စိုက်ကွက်များစွာ ရှိပါကြောင်း၊ လုံလောက်သောစိုက်ပျိုးရေရရှိရန် အတွက် ရေသွင်းမြောင်းလက်တံများတူးဖော်ဆောင်ရွက်ထားပါကြောင်း၊ မိုင်းနုံးကျေးရွာအုပ်စုတွင် ခမ်းနွဲ့ရေသွယ်မြောင်းနှင့် ဝမ်ခုတ်ကျေးရွာအုပ်စုတွင် ဖိုင်တွင်းရေသွယ်မြောင်းရှိကြပြီး ရှေ့ဘိုးဘေး စဉ်ဆက် တောင်သူလယ်သမားများက ကိုယ့်အားကိုယ်ကိုးဖြင့် တူးဖော်ထားခြင်းဖြစ်ပါကြောင်း၊ ၎င်းရေမြောင်းများသည် တောင်စောင်းနံရံများပေါ် ဖြတ်ကျော်ရခြင်း၊ သဲသောင်များဖြတ်သန်း စီးဆင်းခြင်း၊ မိုးတွင်းတွင် မြောင်းနံရံများပြိုကျခြင်းကြောင့် လယ်ယာမြေအတွက် ရေလုံလောက် စွာမရရှိနိုင်ပါကြောင်း၊ ရေများအလဟဿ ပျက်စီးဆုံးရှုံးနေရခြင်းဖြစ်သည့်အတွက် ကျောက်စီနံရံ ခင်းရေသွယ်မြောင်းအဖြစ် ဆောင်ရွက်ပေးပါက နွေစပါးကိုလည်း စိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ စပါးလိုအပ်မှုကြောင့် တောင်တန်း၊ လျှိုမြောင်များမှ အပင်များခုတ်ထွင်ပြီး စပါးစိုက်ပျိုးလာသည် ကိုလည်း တွေ့မြင်ရပါကြောင်း၊ နွေစပါးစိုက်ပျိုးပြီး စပါးရရှိလာပါက တောင်ယာလုပ်ငန်းကို လျှော့ချ ပေးနိုင်မည်လည်း ဖြစ်ပါကြောင်း၊
မေးခွန်းတွင် မိုင်းနုံးကျေးရွာအုပ်စု ခမ်းနွဲ့ရေသွယ်မြောင်းသည် ၁၁၅၀ သာ ဖော်ပြထားပါကြောင်း၊ သို့သော် အမှန်တကယ်က ၁၁၅၀၀ ဖြင့် ပြင်ဆင်ပေးနိုင်ပါရန်လည်း မေတ္တာရပ်ခံပါကြောင်း၊ ဝမ်ခုတ်ကျေးရွာအုပ်စု ဖိုင်တင်းရေမြောင်းကလည်း ၁၀၃၀ သာ ဖော်ပြထားပါကြောင်း၊ ၁၃၅၀၀ ဖြင့် ပြင်ဆင်ပေးပါရန်လည်း မေတ္တာရပ်ခံလိုပါကြောင်း၊ အထက်ပါရေမြောင်းနှစ်ခုအား မည်သည့် ကာလတွင် ဆောင်ရွက်ပေးမည်ကို လည်းကောင်း၊ ဆောင်ရွက်မပေးနိုင်ပါကလည်း အဘယ့်ကြောင့် ဆိုသည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။