(ဆ)-လယ်ယာမြေဥပဒေပုဒ်မ၁၂ကိုကျူးလွန်သူများအားဥပဒေအရအပြစ်ပေးနိုင်ရန်နည်းဥပဒေကိုပြင်ဆင်ခြင်းနည်း သို့မဟုတ် တရားစွဲဆိုမည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကိုတာဝန်ပေးအပ်ခြင်းနည်း(၂)မျိုးမှတစ်မျိုးမျိုးကိုဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
(ဆ)-၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ ကို ဖောက်ဖျက်ကျူးလွန်သူများအား ဥပဒေအရ အပြစ်ပေးနိုင်ရန်အလို့ငှာ နည်းဥပဒေကိုပြင်ဆင်ခြင်းနည်း သို့မဟုတ် တရားစွဲဆိုမည့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို တာဝန်ပေးအပ်ခြင်းနည်း(၂)မျိုးမှ တစ်မျိုးမျိုးကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ ကို ဖောက်ဖျက်ကျူးလွန်သူများအား ဥပဒေအရ အပြစ်ပေးနိုင်ရန်အတွက် နည်းဥပဒေကို ပြင်ဆင်ခြင်း သို့မဟုတ် ပြည်ထောင်စု စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တရားစွဲဆိုမည့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို တာဝန်ပေး ခန့်အပ်ခြင်း နှစ်မျိုးအနက်မှ တစ်မျိုးမျိုးကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ ကို သိရှိလိုသည့်အတွက် မေးမြန်းပါသည်။
ကျိုက္ခမီမြို့၊ မြမာလာကျေးရွာတွင် လယ်သမားတစ်ဦးထံမှ လယ်ကို လူတစ်ဦးက ဝယ်ပြီး အခြားနည်းသုံးစွဲခွင့်ကို မလျှောက်ထားဘဲနှင့် မန်ဂျင်းရှားပင်များ စိုက်သည့်အတွက် ကျန်လယ်များ က လောင်းရိပ်မိကုန်သည့်အတွက်ကြောင့် စပါးအထွက်နှုန်းတွေ ကျဆင်းကုန်ပါကြောင်း၊ ထို့ကြောင့် လယ်သမားများအနက် ဦးဉာဏ် ပါ လယ်သမားကိုးဦးမှ ၂၀၁၄ ခုနှစ်မှစပြီး တိုင်ကြားခဲ့ရာတွင် ဌာနကုန်၊ လူကုန် ဖြစ်ပြီးမှ မိမိဆီကို လာရောက်တင်ပြပါကြောင်း၊ ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ မော်လမြိုင်ခရီးစဉ်တွင် ၎င်းတို့ထဲမှ ကိုဇော်ဆိုသူက နုတ်ဖြင့်တိုင်ကြားမှု ပြုခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ သတိပေးစာသုံးကြိမ် ထုတ်၍ မန်ဂျင်းရှားပင်များကို ဖယ်ရှားခိုင်း ပါကြောင်း၊ သို့သော် လိုက်နာမှုမရှိသည့်အတွက် တရားစွဲဆိုရမည့်အချိန်တွင် တရားစွဲဆိုခြင်းမရှိ သည့်အတွက် လာရောက်တင်ပြခြင်း ဖြစ်ပါကြောင်း၊ မိမိမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပေါင်းစပ် ညှိ နှိုင်းရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သက်ဆိုင်သည့်အရေးကိစ္စ ဖြစ်နေကြောင်းကို တွေ့ရှိရ သည့်အတွက်ကြောင့် မေးမြန်းရခြင်းဖြစ်ပါသည်။
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၁၂ ကို ကျူးလွန်ပါက ပုဒ်မ ၁၉ အရ ဒဏ်ရိုက်ခြင်းနှင့် နှင်ထုတ်ဖယ်ရှားခြင်းများပြုနိုင်ပြီး ပုဒ်မ ၂၀ အရ မလိုက်နာပါကတရားရုံးသို့ တရားစွဲတင်ပို့ရပါ ကြောင်း၊ သို့သော် တရားစွဲရန် တရားလိုပြုရမည့် အဖွဲ့အစည်းက ဥပဒေပုဒ်မ ၂၀ အရ၊ နည်းဥပဒေ ၁၀၀ အရ ပါ ပြဋ္ဌာန်းချက်အရဆိုလျှင် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ပေး ခန့်အပ်သော လယ်/စီ အဖွဲ့ဟု ဖော်ပြထားပါကြောင်း၊ သို့သော် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (ဋ) အရ သက်ဆိုင်ရာဝန်ကြီးဌာနဆိုသည်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနကို ဆိုလို သော်လည်း လက်ရှိဖွဲ့စည်းထားသည့် လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီများသည် ဝန်ကြီးဌာနမှ ဖွဲ့စည်းခြင်းမဟုတ်ဘဲ ဗဟိုလယ်/စီ မှ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ အမိန့် ကြော်ငြာစာ (၁/၂၀၁၆) ၂၈-၁၀-၂၀၁၆ ရက်စွဲဖြင့် ဖွဲ့စည်းပေးထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တရားလိုလုပ်ရမည့် အဖွဲ့အစည်းသည် ဥပဒေတွင် ဖော်ပြထားသည့်အတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ခန့်အပ်သည့်သူများ မဟုတ်သည့်အတွက် ၎င်းတို့အနေဖြင့် တရားစွဲဆိုသည့်အခါ အထက်သို့ ပြန်လည် အစီရင်ခံစာ တင်ပြနေကြ ရပါကြောင်း၊ ထို့ကြောင့် တရားစွဲဆိုနိုင်ရန် ရှိပြီးသား လယ်/စီကို တရားလိုပြုလုပ်စေရန် နည်းဥပဒေ ၁၀၀ ကို ပြင်ခြင်း (သို့မဟုတ်) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ အစီရင်ခံစာတင်ပြပြီးမှသာ အမိန့်ညွှန်ကြားချက်နှင့် လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီကို အသစ်ထပ်ဖွဲ့ပြီး တရားလိုပြုလုပ် စေခြင်းဆိုသည့် လမ်းနှစ်သွယ် ဖြစ်ပေါ်လာပါကြောင်း။
ထို့ကြောင့် တစ်နိုင်ငံလုံး တိုင်သော်လည်း၊ တင်ပြသော်လည်း ဘာမှ ဖြစ်မလာဘူးဆိုပြီး အုပ်ချုပ်သည့်အဖွဲ့အစည်းကို အထင်အမြင်လွဲမှားမှုများ ဖြစ်နေပါကြောင်း၊ ဤအချက်ကို ကုစားရန် နှင့် နောင်တွင် ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မေးမြန်းခဲ့သည်။