(င)ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်ဂူကျေးရွာတွင် နယ်မြေ မီးသတ်စခန်းဖွင့်လှစ်၍ မီးသတ်ယာဉ်များ ခွင့်ပြုချထားပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်သည့် မေးခွန်း
ရှမ်းပြည်နယ်၊ တောင်ကြီး ခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စုသည် ရပ်စောက်မြို့နယ်မီးသတ် စခန်းနှင့် မိုင် ၆၀ ခန့်ကွာဝေးပြီး စတုရန်းမိုင်ပေါင်း ၃၂၈.၀၄ မိုင် ကျယ်ဝန်းပါကြောင်း၊ ကျောက်ဂူ ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၂၆ ရွာ၊ အိမ်ခြေ ၂၈၉၀၊ အိမ်ထောင်စု ၃၁၅၀ စုနှင့် လူဦးရေ ၁၇၈၅၀ ဦးနေထိုင်လျက်ရှိပါကြောင်း၊ ကျောက်ဂူကျေးရွာတွင် အထက်တန်းကျောင်းအပါအဝင် စာသင်ကျောင်းသုံးကျောင်း၊ စက်ရုံအလုပ်ရုံသုံးရုံ၊ ဈေး၊ တိုက်နယ်ဆေးရုံ၊ ရဲစခန်း၊ တပ်ရင်းတပ်ဖွဲ့၊ ဌာနဆိုင်ရာရုံးများ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ၊ ဆန်စက်၊ ဆီစက်၊ ဆိုင်ကယ်ဝပ်ရှော့၊ ကားဝပ်ရှော့ စသည့်လုပ်ငန်းပေါင်းစုံရှိပါကြောင်း၊ ရပ်စောက်မြို့နယ်၊ အင်တောနယ်မြေတွင် မီးသတ် စခန်းတစ်ခုဖွင့်လှစ်ထားလျက်ရှိပြီး လက်ရှိတပ်ဖွဲ့အင်အား ခြောက်ဦးနှင့် ယာဉ်နှစ်စီး ရှိပါကြောင်း၊ ရပ်စောက်မြို့နယ်၊ အင်တောနယ်မြေ၊ မီးသတ်စခန်းအနေဖြင့် မီးဘေးလုံခြုံရေးနှင့် မီးငြိမ်းသတ်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော်လည်း အင်တောမြို့တွင် မြို့အဆင့်ဌာနဆိုင်ရာ အဆောက် အအုံ များ၊ အိမ်ခြေလူဦးရေ ထူထပ်ခြင်းများ ဖြစ်နေပြီးအင်တောမြို့ အတွက်ပြည့်စုံပါကြောင်း၊ ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်ဂူကျေးရွာတွင် ဆန်စပါး၊ ပဲ၊ ပြောင်း၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ သိုလှောင်ထားရှိမှုများကြောင့် မီးဘေးအန္တရယ်စိုးရိမ်ဖွယ်ရာရှိပါက ကူညီ ဆောင်ရွက်ပေးနိုင်ရန် ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်ဂူကျေးရွာတွင် နယ်မြေမီးသတ်စခန်း၊ ထပ်မံဖွင့်လှစ်၍ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကျောက်ဂူကျေးရွာတွင် မီးသတ်စခန်း ဖွင့်လှစ်နိုင်မည့်မြေနေရာ၊ ရွေးချယ်သတ်မှတ်ပြီးသောမြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ လည်းရှိပြီး ဖြစ်ပါကြောင်း၊ ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်ဂူကျေးရွာတွင် နယ်မြေမီးသတ်စခန်း ထပ်မံ ဖွင့်လှစ် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ကျေးရွာ၏မီးဘေးလုံခြုံရေးနှင့် မီးငြိမ်းသတ်ရေး လုပ်ငန်းများအား လျင်မြန်စွာလုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ပါ၍ နယ်မြေမီးသတ်စခန်းလိုအပ်ပါ ကြောင်းတင်ပြလိုပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်ဂူကျေးရွာတွင် နယ်မြေမီးသတ်စခန်းဖွင့်လှစ်၍ မီးသတ်ယာဉ်များ ခွင့်ပြုချထားပေးနိုင်မည့် အစီအစဉ်များ ရှိ၊ မရှိ မေးမြန်းပါသည်။