(ဆ)-သီရိမြိုင်ယာဉ်ထိန်းသင်တန်းကျောင်းဝင်းရှိ လွန်ခဲ့သော ၁၇ နှစ်ခန့်က ရောင်းချထားသော ဈေးဆိုင်ခန်း ၆၈ ခန်းအား ဖယ်ရှားရန် စီစဉ်ဆောင်ရွက်မှုအပေါ် ဆိုင်ခန်းဝယ်ယူထားသူများ နစ်နာမှုမရှိစေရန် မည်သို့ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ဒဂုံမြို့သစ်(မြောက်ပိုင်း) ၃၆ ရပ်ကွက်တွင် ယာဉ်ထိန်းသင်တန်းကျောင်းရှိပြီး ၎င်းသင်တန်း ကျောင်းကို လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က ဆောက်ပြီး ဆိုင်ခန်းပေါင်း ၆၈ ခန်းကို စပေါ်အပျောက်ဖြင့် ရောင်းခဲ့ပါကြောင်း၊ လခလည်းကောက်ခဲ့ပြီး လွှဲပြောင်းရောင်းချခွင့်လည်း ပေးပါကြောင်း၊ ၎င်းဆိုင်ခန်းများသည် ကျူးကျော်ဆိုင်ခန်းများမဟုတ်ပါကြောင်း၊ တရားဝင် စာချုပ်စာတမ်းဖြင့် ရောင်းချထားသောကြောင့် တစ်ယောက်နှင့်တစ်ယောက်လည်း လက်လွှဲရောင်းချခြင်းကို အသိအမှတ်ပြုပါကြောင်း၊ သင်တန်းကျောင်းတွင်ရှိသည် စာသင်ခန်း ၆၈ ခန်း ကို ဖယ်ရှားရန် စီစဉ်ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ ပြီးခဲ့သည့် တစ်ရက်၊ နှစ်ရက်အတွင်းက သင်တန်းကျောင်းကို စာပို့ပြီး ဆိုင်ခန်းများကိုလည်း စာပို့ပါကြောင်း၊ ပထမအကြိမ် နောက်ဆုံးဖယ်ရှားပေးရန် ပထမအကြိမ် သတိပေးခြင်းဆိုသည့် စာပို့ပါကြောင်း၊ ဌာနဆိုင်ရာတရားဝင်ရောင်းသည့်အတွက် တရားဝင်ဝယ်ကြပါကြောင်း၊ ယခုအခါ ဖယ်ရှားပေး ရမည်ဆိုသော်ကြောင့် ဝယ်ယူသူတွင် များစွာနစ်နာနေပါကြောင်း၊ထို့ကြောင့် မိသားစု အမြောက်အမြား မှီခိုစားသောက်နေသည့် ၎င်းဆိုင်ခန်းများကို ဖယ်ရှားသည့်ကိစ္စကို ဝယ်ယူသူများအတွက် နစ်နာမှုမရှိစေရန် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။