(ခ)-တရားရုံးနေ့စဉ်မှတ်တမ်းများ မှန်ကန်စွာ မှတ်တမ်းတင် ရေးသွင်းမှု ရှိ/မရှိကို တရားလွှတ်တော်ချုပ် အနေဖြင့် မည်ကဲ့သို့ စိစစ်ထိန်းကျောင်းလျက် ရှိသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
ပြည်သူများအကြားတွင် တရားစီရင်ရေး စနစ်အပေါ်တွင် ပိုမိုယုံကြည်ကိုးစားမှု ရှိပြီး ထိုကဲ့သို့ ယုံကြည်ကိုးစားမှု ရှိခြင်းမှ မိမိတို့ တရားဥပဒေ စိုးမိုးရေးကို အထောက်အကူ ဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် မိမိမေးမြန်းရခြင်းဖြစ်ပါကြောင်း၊ တရားစီရင်ရေး စနစ်အပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှုသည် များစွာအရေးပါပါကြောင်း၊ ဘက်မလိုက်သည့်၊ အမှီအခိုကင်းသည့် လွတ်လပ်စွာ စီရင်ဆုံးဖြတ်ခြင်းများဖြင့် ဆောင်ရွက်သည်ကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်မှသာလျှင် အထက်ပါ ယုံကြည်ကိုးစားမှုမျိုးကို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ယုံကြည်ကိုးစားနေမှသာ လူ့အဖွဲ့ အစည်းအတွင်း တရားမျှတမှုရှိသည်ဟု ခံစားရပြီး ထိုကဲ့သို့ခံစားရသည်နှင့်အမျှ တရားရုံး၏ အဆုံးအဖြတ်ကို ယုံယုံကြည်ကြည်ခံယူပြီး တရားဥပဒေစိုးမိုးရေး ဖြစ်ပေါ်တိုးတက်မည် ဖြစ်ပါကြောင်း၊ တရားရုံးများသည် တရားမျှတစွာ၊ ဘက်မလိုက်စွာဖြင့် အမှီအခိုကင်းစွာဖြင့် ဆောင်ရွက်သည်ကို လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိတိကျကျ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပြီး သက်သေထူနိုင်ကြရပါမည် ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွင်းတွင် မည်ကဲ့သို့ ဆွေးနွေးဆုံးဖြတ် သုံးသပ်ခဲ့ကြကြောင်း၊ အပြီးအပြတ် မဟုတ်ပါကြောင်း၊ နောက်ဆုံးတွင် တရားရုံး၏ အဆုံးအဖြတ်ကိုသာ အမှန်ဖြစ်သည်ဟု ခံယူရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အထက်ပါ ဖော်ပြထားသည့် လုပ်ဆောင်မှုများကို လုပ်ဆောင်ခြင်းအားဖြင့် တရားစီရင်ရေးစနစ်သည် မိမိ၏ အခြေခံစံတန်ဖိုးများကို ထိန်းသိမ်းရမည် ဖြစ်ပါကြောင်း၊
တရားစီရင်ရေး စနစ်ကြီးတွင် အမှုတည်ဆောက်ခြင်း၊ ဥပဒေ အကြံပြုခြင်း၊ နှစ်ဖက်သက်သေများ စစ်ဆေးခြင်း၊ စီရင်ဆုံးဖြတ်ခြင်းစသည်ဖြင့် ရှိရာတွင် နှစ်ဖက်သက်သေစစ်ဆေးခြင်း၊ စီရင်ဆုံးဖြတ်ခြင်း အဆင့်များတွင် နှစ်ဖက်သက်သေ ထွက်ချက်များကို မှတ်တမ်းတင်ခြင်း၊ အမှုတွဲနေ့စဉ် လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ခြင်းများသည် အဓိကကျပါကြောင်း၊ တရားရုံးများတွင် အမှုစစ်ဆေးသည့်အချိန်တွင် အမှုစစ် တရားရုံးတော်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး တရားမျှတမှု မရှိကြောင်း၊ မမှန်မကန် ဆောင်ရွက်ထားသည်ဟု အငြင်းပွားမှုများ ပေါ်ပေါက်လာပါက ဥပဒေနှင့်အညီ ကျိုးကြောင်းဆီလျော်စွာ ဆောင်ရွက်ထားမှု ရှိ/မရှိကို အထက်တရားရုံးတော်များ၊ တရားလွှတ်တော်ချုပ်က ပြန်လည်စိစစ်ရာတွင် အမှုတွဲနေ့စဉ် မှတ်တမ်းများနှင့် နှစ်ဖက်သက်သေ ထွက်ချက်များသည် အရေးပါပါကြောင်း၊ အမှုတွဲနေ့စဉ်မှတ်တမ်းပါ ရေးသွင်းချက်များကို ဖတ်ရှုသုံးသပ်ပြီး မှန်ကန်စွာ ဆောင်ရွက်ထားမှု ရှိ/မရှိကို တရားသူကြီးများက သုံးသပ်ကြသည်ဟု သိရှိရပါကြောင်း၊
အမှုတွဲနေ့စဉ် မှတ်တမ်းများ၊ တရားလို/တရားခံ ထွက်ဆိုချက် မှတ်တမ်းများကို ရေးသွင်းရာတွင် အမှုစစ်တရားရုံးတော်မှသာ တာဝန်ယူရေးသွင်းပါကြောင်း၊ နှစ်ဖက်အမှုသည်များ မြင်သာစေရန် ရေးသွင်းခြင်းမျိုး အားနည်းသည့် အတွက် ပွင့်လင်းမြင်သာ မှန်ကန်စွာ မှတ်တမ်းတင်ခြင်း ရှိ/မရှိကို သိရှိနိုင်သည့် အခွင့်အရေးများ နှစ်ဖက်အမှုသည်များတွင် ဆုံးရှုံးရပါကြောင်း၊ ထို့အချိန်တွင် အထက်တွင် တင်ပြထားသည့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ထားမှု ရှိ/မရှိဆိုသည့် အပေါ်တွင် တရားရုံးတော်အပေါ် ထားရှိသည့် ယုံကြည်ကိုးစားသည့် အမှုသည်များ၏ ယုံကြည်ကိုးစားသည့် စံတန်ဖိုး လျော့နည်းသွားနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပွင့်လင်းမြင်သာစွာ တရားစီရင်ရေး အခြေခံမူ (Open Code Principle) အရ တရားရုံး နေ့စဉ်မှတ်တမ်းများ၊ တရားလို/တရားပြိုင် ထွက်ဆိုချက် မှတ်တမ်းများ မှန်ကန်စွာ ရေးသွင်းထားခြင်း ကိစ္စအပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က မည်ကဲ့သို့ ထိန်းကျောင်းလျက် ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။