(စ)-​​​​​​​မင်းကင်းမြို့နယ်၊ ကြွေကျေးရွာနှင့် မြစ်ရိုးအထက်ပိုင်းဒေသတွင် ပြည်သူများ လုံခြုံမှုရှိစေရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် အမှန်တကယ်လိုအပ်နေသော ရဲစခန်းအား ဖွင့်လှစ်ပေးနိုင်ခြင်း သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

မင်းကင်းမြို့နယ်သည် ဧရိယာ စတုရန်းမိုင် ၁၅၂၇.၀၃ ခန့်ကျယ်ဝန်း၍ မြို့နယ်၏လူဦးရေသည် တစ်သိန်းကျော်ရှိပါကြောင်း၊ မင်းကင်းမြို့နယ်ကို အကြမ်းဖျင်းအားဖြင့် မြစ်ရိုးအထက်ပိုင်း၊ မြစ်ရိုးအောက်ပိုင်း တောင်တွင်းဒေသ၊ အနောက်လက်၊ တောင်လက်နှင့် မြို့မဟု ပိုင်းခြားထား ပါကြောင်း၊ မင်းကင်းမြို့နယ်တွင် မြို့နယ်ရဲစခန်းတစ်ခုရှိသလို တောင်တွင်းဒေသနှင့် မြစ်ရိုး အောက်ပိုင်းဒေသ တို့မှာ ရဲအုပ်ဦးစီးသည့် ရဲစခန်းများရှိပါကြောင်း၊ သို့သော်ကျေးရွာ ၃၃ ရွာ၊ လူဦးရေ နှစ်သောင်းခွဲခန့် မှီတင်းနေထိုင်ကြသည့် မြစ်ရိုး အထက်ပိုင်းဒေသတွင် ရဲစခန်းတစ်ခုမှ မရှိပါကြောင်း ရဲစခန်းမရှိသော်လည်း ကြွေရွာတွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က နယ်မြေရဲကင်း တစ်ခုရှိခဲ့ပြီး ဒု-ရဲအုပ်ဦးစီးသည့် ရဲအင်အား ငါးယောက်ခန့်ရှိပါကြောင်း၊ ရဲကင်းအဆောက်အအုံနှင့် ခြံဝင်းများ ယခုထိရှိနေသော်လည်း ရဲကင်းကိုတော့ ပိတ်သိမ်းသွားခဲ့ ပါကြောင်း၊ ကြွေရွာတွင် တိုက်နယ်ဆေးရုံတစ်ခုရှိသလို အခြေခံပညာအထက်တန်းကျောင်းလည်း ရှိပြီး  အိမ်ခြေ ၄၀၀ ခန့်နှင့် လူဦးရေ ၃၀၀၀ ခန့် မှီတင်းနေထိုင်လျက်ရှိပါကြောင်း၊ အလားတူ ကြွေရွာ နှင့် ငါးမိုင်ခန့်ကွာဝေးပြီး ချင်းတွင်းမြစ်တစ်ဖက်ကမ်းတွင်လည်း ရှမ်းတောဆိုသည့်ရွာတွင် အထက် တန်းကျောင်း ရှိပါကြောင်း၊ ၎င်းဒေသသည် လူဦးရေမနည်းသလို ပညာရေးလည်း မနိမ့် ကျကြောင်း၊ လူဦးရေများလာသည်နှင့် အမျှ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးသည် လည်း ပိုမိုပြီး ရှေ့တန်းကျကျ အရေးကြီးပါကြောင်း၊ လူဦးရေ နှစ်သောင်းခွဲ၊ သုံးသောင်းခန့်ရှိနေသည့် ဒေသတစ်ခုအတွက် ရဲစခန်းတစ်ခုဖွင့်လှစ်ပေးရန် မဖြစ်မနေ လိုအပ်လျက်ရှိပါကြောင်း၊ ထို့အတူမြစ်ရိုးအထက်ပိုင်းဒေသတွင် အထက်တန်းကျောင်း နှစ်ကျောင်းရှိသော်လည်း ၁၀ တန်း စာစစ်ဌာနမရှိပါကြောင်း၊ မိမိတို့က လွှတ်တော်ကိုတင်ပြသော်လည်း ရဲစခန်း မရှိဘူးဆိုသည့် အကြောင်းပြချက်ဖြင့် မေးခွန်းလုံခြုံရေးစိတ်မချရလို့ ခွင့်ပြုမပေးသည့်အဖြေပဲ ရရှိခဲ့ပါကြောင်း၊ ထို့ကြောင့်လည်း ရှားတောနှင့်ကြွေရွာများတွင်ရှိသည့် အထက်တန်းကျောင်းများတွင်တက်နေ ကြသည့်  ၁၀ တန်းကျောင်းသားများသည် မိုင် ၃၀ ခန့်ဝေးသည့် မင်းကင်းမြို့တွင် သွားရောက်ပြီး စာမေးပွဲ ဖြေကြရသည့်အတွက် နေထိုင်စားသောက်ရေးအဆင်မပြေမှုများနှင့် အတူ ကုန်ကျစရိတ်များပြားခြင်း၊ အောင်ချက်ထိခိုက်ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများကို ကြုံတွေ့နေရပါကြောင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်အခက်အခဲကို မိမိတို့ နားလည်ပါကြောင်း၊ သို့သော်လည်း ကြွေရွာတွင် ရဲစခန်းတစ်ခု ဖွင့်လှစ်ပေးမည်ဆိုလျှင် ဒေသ၏တည်ငြိမ်ရေး၊ လုံခြုံရေး၊ တရာဥပဒေစိုးမိုးရေးသာမက ရဲစခန်း ရှိလျှင် စာစစ်ဌာနဖွင့်ရန် အတွက် လမ်းစတစ်ခုပွင့်လာပြီး ဒေသခံကလေးများ၏ ပညာရေးကဏ္ဍ ကိုလည်း ကြီးမားစွာ အကျိုးပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သို့ပါ၍ မိမိ၏မေးခွန်းပါ ကြွေကျေးရွာတွင် ယခင်ရှိခဲ့ဖူးသည့် နယ်မြေရဲကင်းကို တိုးချဲ့ပြီး ရဲစခန်းတစ်ခုဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။