(ဃ) -စေတုတ္တရာမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး အဘက်ဘက်မှ နိမ့်ပါးဆင်းရဲ ခက်ခဲပါသဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစားပေး ထည့်သွင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
စေတုတ္တရာမြို့နယ်ကို ဖွံ့ဖြိုးရေးလုပ်ငန်းများ ဦးစားပေးဖော်ဆောင်ပေးရန် မေးခွန်းမေးမြန်းသွားမည် ဖြစ်ကြောင်း၊ စေတုတ္တရာမြို့နယ်သည် မကွေးတိုင်းဒေသကြီး၏ အနောက်ဘက်အစွန်းတွင် ရှိပြီး ရခိုင်ရိုးမ၏ အရှေ့ဘက်အခြေ ချင်းတောင်၏ အရှေ့တောင်ဖျားတွင် တည်ရှိသည့် တောတောင် ထူထပ်လာသည့် ဒေသဖြစ်ကြောင်း၊ တောတောင်များကြားတွင် မုန်းချောင်း၊ ဆီမီးချောင်း၊ ထီးချောင်း၊ ကျီးချောင်း စသည့် ချောင်းမြောင်းများ စီးဆင်းနေပြီး သွားလားရေး ခက်ခဲသည့် ဒေသဖြစ်ပါကြောင်း၊
စေတုတ္တရာမြို့နယ် ရွာပေါင်း ၁၁၅ ရွာ ရှိသည့် အနက် ရွာပေါင်း ၆၀ ကျော်သည် မိုးတွင်းအချိန်တွင် သွားလာရေး အလွန်ခက်ခဲ့ပြီး ပွင့်လင်းရာသီအချိန်တွင် မြေသားလမ်း ကောင်းကောင်း မပေါက်သည့် ချောင်းတစ်တန်၊ မြောင်းတစ်တန်၊ တောတောင်၊ လျှိုမြောင် အထပ်ထပ်ကြားတွင် သွားရသည့် နေရာများဖြစ်ကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင် နိမ့်ပါးဆင်းရဲ လှပါကြောင်း၊ တောင်ကုန်း၊ တောင်တန်း ထူထပ်ပြီး မြေပြန့်နည်းပါးသည့်အတွက် စိုက်ပျိုးမြေ နည်းပါးပြီး ယခင်က ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်၍ တောတောင်ကို အမှီပြု၍ အသက်မွေးခဲ့ကြပါကြောင်း၊ ယခုအခါတွင် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရန်၊ တောတောင် မပြုန်းတီးစေရန် ကြပ်မတ်လာသည့်အတွက် စားဝတ်နေရေးများ ခက်ခဲလာပါကြောင်း၊ နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် တာမံကြီးတစ်ခု တည်ဆောက်ခဲ့သည့်အတွက် ရွာပေါင်း ၃၃ ရွာ၊ လယ်ယာ၊ ဥယျာဉ်ခြံမြေ ဧက ၈၀၀၀ ကျော် နစ်မြုပ်ခဲ့ပြီး လုပ်ကိုင်စားသောက်ရာမဲ့ အတိဒုက္ခရောက်နေကြကြောင်း၊ ထို့ပြင် ကပစ(၂၀)နှင့် ကပစ(၂၅) တပ်သိမ်းမြေတွင် ပါဝင်ခဲ့သည့် ဒေသခံများသည် စားဝတ်နေရေး ဒုက္ခရောက် ကြပါကြောင်း၊ ၂၀၁၅ ခုနှစ် ရေဘေးတွင် စိုက်ပျိုးမြေဧက ၁၂၀၀ ကျော် ထပ်မံပျက်စီးခဲ့သည့် အတွက် ယခုအခါတွင် လူဦးရေ ၄၅၀၀၀ ဦးရှိသည့် စေတုတ္တရာမြို့နယ်တွင် လယ် ၅၆၃၂ ဧက၊ ယာ ၁၂၇၆၇ ဧက၊ တောင်ယာ ၁၁၄၄ ဧက၊ ဥယျာဉ် ၃၅ ဧက စုစုပေါင်း စိုက်ဧက ၁၉၅၇၈ ဧကသာ ရှိပါကြောင်း၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံကြီးနှစ်ရုံရှိသော်လည်း ရွာပေါင်း ၁၁၅ ရွာတွင် ငါးရွာသာ လျှပ်စစ်မီး လင်းနိုင်ပါကြောင်း၊ လက်ရှိအချိန်တွင် ဖွံ့ဖြိုးမှု နည်းပါးသည့် ဒေသများကို ဖွံ့ဖြိုးရေး လုပ်ငန်းများ ဦးစားပေး ဖော်ဆောင်နေသော်လည်း စေတုတ္တရာမြို့နယ်သည် ထူးဆန်းစွာ ကျန်နေခဲ့ပါကြောင်း၊ ဥပမာ-ADB ချေးငွေ US ဒေါ်လာ ၅၁.၂ သန်းနှင့် ကျေးလက်လမ်း စီမံကိန်း အကောင်အထည်ဖော်ရာတွင် မပါကြောင်း၊ World Bank ၏ IDA ချေးငွေ US ဒေါ်လာ သန်း ၁၀၀ ဖြင့် လူတိုင်းအကျုံးဝင်၊ အရည်အသွေးမီ ပညာရေး စီမံကိန်းကို ကျောင်းပေါင်း ၁၈၀၀၀ ကျော် ဖော်ဆောင်ရာတွင် ကျန်ရစ်ခဲ့ကြောင်း၊ ADB ချေးငွေဖြင့် US ဒေါ်လာ ၁၈၅ သန်းနှင့် လူထုဖွံ့ဖြိုးရေး စီမံကိန်းများ ဖော်ဆောင်ရာတွင် ကျန်ရစ်ကြောင်း၊ ကိုရီးယားနိုင်ငံ အကူအညီဖြင့် ဆောင်ရွက်သည့် စံပြကျေးရွာ စီမံကိန်းကဲ့သို့ စီမံကိန်းများ ဖော်ဆောင်ရာတွင် ကျန်ရစ်ကြောင်း စသဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် မကွေးတိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှု အနည်းဆုံး၊ အဆင်းရဲဆုံး၊ အခက်ခဲဆုံးနှင့် အနစ်နာဆုံး စေတုတ္တရာမြို့သည် ကျန်နေရစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝေးလံခေါင်သီ ချင်းတိုင်းရင်းသားများ အများဆုံး နေထိုင်သည့် ဒေသဖြစ်သော်လည်း အခြားတိုင်းရင်းသားဒေသများ ကဲ့သို့ နတလ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ မရရှိပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မေးမြန်းလိုသည့် မေးခွန်းသည် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်သည် လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အဘက်ဘက်မှ နိမ့်ပါး ဆင်းရဲခက်ခဲပါသဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစားပေး ထည့်သွင်းပေးပါရန် အစီအစဉ် ရှိ/မရှိသိ ရှိလိုတဲ့ အတွက် မေးမြန်းပါသည်။