(က)-မဘိမ်းမြို့နယ်၏ ကျောင်းသား ကျောင်းသူ ၄၄ ဦးမှ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်းသို့ အဆိုပြု လျှောက်ထားမှုများကို လက်မခံ ငြင်းပယ်ခံရခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-31

မဘိမ်းမြို့နယ်၏ ကျောင်းသား ကျောင်းသူ ၄၄ ဦးမှ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်းသို့ အဆိုပြု လျှောက်ထားမှုများကို လက်မခံ ငြင်းပယ်ခံရခြင်းသည် မည်သည့် မူဝါဒနှင့် ညွှန်ကြားချက်ကြောင့် ဖြစ်ရသည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

မဘိမ်းမြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့နယ် ဖြစ်ပါကြောင်း၊ ရှမ်းလူမျိုးများနှင့် တိုင်းရင်းသား ပေါင်းစုံရောပြီး နေထိုင်သည့် တောင်သူလယ်လုပ်သည့် မြို့နယ်ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်းကို အဆိုပြု လျှောက်ထားသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၄ ဦး ရှိပါကြောင်း၊ ၎င်းကျောင်းသည် ယခင်က ဖွံ့ဖြိုးရေးသိပ္ပံဟုခေါ်ပြီး လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ၎င်းကျောင်းတော်ကြီးမှ ထွက်ခဲ့သည့် ကျောင်းသားဟောင်းများ ရှိပါကြောင်း၊ ဖွံ့ဖြိုးရေးသိပ္ပံခေတ်တွင် ကျောင်းသူကျောင်းသားများသည် အပတ်စဉ်(၁) မှစပြီး မဘိမ်းမြို့နယ်သည် တက်ရောက်ခွင့် ရခဲ့ကြပါကြောင်း၊

၎င်းအချိန်တွင် ငြင်းပယ်ခံရခြင်း မရှိခဲ့ပါကြောင်း၊ ယခုနှစ် လျှောက်ထားသည့် ကျောင်းသား ကျောင်းသူ ၄၄ ဦးတွင် ၎င်းတို့၏ လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာဆိုသည့် အကွက်တွင် ဗမာ၊ ဗုဒ္ဓဘာသာဟု ဖြည့်သွင်းခြင်းဖြစ်သည့်အတွက် ရှမ်းပြည်နယ်တွင် မိမိမှ မည်သည့်အတွက် ယခုကဲ့သို့ ငြင်းပယ်ခံရသနည်း ဆိုပြီး လျှောက်လွှာများကို စုစည်းပြီး ခရိုင်ပညာရေးမှူးရုံးကို ပို့ပေးရသည့် မြို့နယ်ပညာရေးမှူးရုံးကို မိမိ မေးပါကြောင်း၊ မေးသည့်အချိန်တွင် ဗမာ၊ ဗုဒ္ဓဖြစ်နေသည့်အတွက် လျှောက်လွှာကို ခရိုင်ရုံးက လက်မခံကြောင်း၊ ငြင်းပယ်သည်ဟု ပြောပါကြောင်း၊ ထို့ကြောင့် ယခုမေးခွန်း ဖြစ်လာရခြင်း ဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်တွင် ဗမာ၊ ဗုဒ္ဓဖြစ်သည့်အတွက် ငြင်းပယ်ခံရသည့် ၎င်းကလေးများအတွက် များစွာနစ်နာပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ၎င်းတို့၏ ကံတရားအရ ရွေးချယ်ခံရပါက ၎င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပညာရေး မျှော်မှန်းချက်များ ရရှိခဲ့ကြသည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် မိဘများအနေဖြင့် အင်တာဗျူးများ၊ စာမေးပွဲများ ဖြေဆိုခြင်း မပြုရသည့်အပြင် လျှောက်လွှာကို လက်မခံသည့်အဆင့် ဖြစ်ခဲ့ရသည့်အတွက် ၎င်းတို့အတွက် များစွာမျှော်လင့်ချက်များ ကုန်ဆုံးပြီး နစ်နာမှုများ ဖြစ်ရပါကြောင်း၊ ထို့ကြောင့် နောင်တွင် ယခုကဲ့သို့  အဖြစ်များမဖြစ်ရစေရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်တွင် ဗမာ တိုင်းရင်းသားများ လျှောက်ခွင့်မရှိဘူးဆိုသည့် ညွှန်ကြားချက်များ ရှိပါသလား၊ မရှိပါက ခရိုင်မှ ပယ်ချသည့်အချက်သည် မည်သည့်အတွက် ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။