(ဇ)-အလောင်းတော် ကဿပဘုရား ဂေါပကအဖွဲ့၏ ဘဏ္ဍာနှစ်အလိုက် ရရှိသုံးစွဲခဲ့သည့် ဘဏ္ဍာငွေများ မည်ကဲ့သို့စီမံ ဆောင်ရွက်ထား ရှိကြောင်းနှင့် ဂေါပကအဖွဲ့သစ်ကို လာမည့် ဘုရားပွဲတော် အချိန်မီတရားဝင် ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ယင်းမာပင်ခရိုင်အတွင်း တည်ရှိသည့် အလောင်းတော် ကဿပဘုရား ဂေါပကအဖွဲ့၏ ဘဏ္ဍာနှစ်အလိုက် ရရှိသုံးစွဲခဲ့သည့် ဘဏ္ဍာငွေများ မည်ကဲ့သို့စီမံ ဆောင်ရွက်ထား ရှိကြောင်းနှင့် ဂေါပကအဖွဲ့သစ်ကို လာမည့် ဘုရားပွဲတော် အချိန်မီတရားဝင် ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းတွင် တည်ရှိသည့် အလောင်းတော် ကဿပဘုရား ဂေါပကအဖွဲ့၏ ၂၀၁၅-၂၀၁၆ ခုနှစ်၊ ၂၀၁၆-၂၀၁၇ ခုနှစ်၊ ၂၀၁၇-၂၀၁၈ ခုနှစ်၊ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အလိုက် ရရှိသုံးစွဲခဲ့သည့် ဘဏ္ဍာငွေများ မည်ကဲ့သို့ ဆောင်ရွက်ထားရှိကြောင်းနှင့် ဂေါပကအဖွဲ့ငွေကြေး ပြသနာအခြေအနေများကို အများပြည်သူ သိရှိလိုခြင်းနှင့် အလောင်းတော် ကဿပဘုရား ဂေါပကအဖွဲ့သစ်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးကြီးကြပ်လျက် လာမည့်ဘုရားပွဲတော် အချိန်မီတရားဝင် ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းကို မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊
အလောင်းတော်က ဿပဘုရားပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာလမှ ဧပြီလခန့်အထိ လေးလခန့်ကြာသည့်တိုင်အောင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများအပြင် ပြည်ပမှခရီးသွား ဧည့်သည်များပါမကျန် အလွန်စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဘုရားဖူးများထံမှ အလှူငွေများနှင့် ဂေါပက ကောက်ခံရရှိငွေများမှ နှစ်စဉ်ကျပ်သိန်းပေါင်း ထောင်ချီ၍ သောင်းချီ၍ ရှိကြောင်းကို သိရှိရပါကြောင်း၊ စနစ်တကျ ဖွဲ့စည်းထားသည့် ဂေါပကအဖွဲ့ မရှိသည့်အတွက် တိကျမှန်ကန်သည့် ငွေစာရင်း၊ ပြေစာ၊ ရငွေ၊ သုံးငွေများ စနစ်ကျနစွာ ထားရှိမှု မရှိသည့်အတွက် နှစ်စဉ် ဘုရားဂေါပက ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးလျက်ရှိကြောင်းကို သိရှိရပါကြောင်း၊ အလောင်းတော် ကဿပဘုရား ဂေါပကအဖွဲ့ကို ၂၀၁၆-၂၀၁၇ ခုနှစ် တစ်နှစ်သာ မဲစနစ်နှင့် ရွေးချယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ဂေါပကအဖွဲ့များကို စနစ်တကျ အများမဲဆန္ဒဖြင့် ရွေးချယ်ခြင်း မရှိကြောင်း သိရှိရပါကြောင်း၊ ထိုသို့ ၂၀၁၅-၂၀၁၆ ခုနှစ်၊၂၀၁၆-၂၀၁၇ ခုနှစ်၊ ၂၀၁၇-၂၀၁၈ ခုနှစ်၊ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်များတွင် စနစ်တကျရွေးချယ် တင်မြှောက်ထားခြင်း မရှိသည့် ဂေါပကအဖွဲ့များ၏ ငွေကြေးစီမံခန့်ခွဲမှုနှင့် စာရင်းဇယားများ စနစ်ကျနစွာ လုပ်ဆောင်မှု မရှိခြင်းတို့ကြောင့် ဘဏ္ဍာနှစ်အလိုက် ဂေါပကအဖွဲ့များအနေဖြင့် ငွေစာရင်းများ ရှင်းလင်းနိုင်မှု မရှိကြောင်းနှင့် နှစ်အလိုက်ဂေါပကငွေများ ကျပ်သိန်းပေါင်းထောင် သောင်းချီ၍ ပေးသွင်းရန်ပေါ်ပေါက်နေကြောင်းကို သိရှိရပါကြောင်း၊
ဘုရားဂေါပကငွေများ ပေးသွင်းရန် ပျက်ကွက်နေသည့်အတွက် တာဝန်ရှိသူ ဂေါပကများကို အရေးယူပေးရန် အဂတိ လိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ထံ တိုင်ကြားသဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ ရောက်ရှိနေကြောင်းကို သိရှိရပါကြောင်း၊ အလောင်းတော် ကဿပဘုရား ဂေါပကအဖွဲ့၏ ၂၀၁၅-၂၀၁၆ ခုနှစ်၊ ၂၀၁၆-၂၀၁၇ ခုနှစ်၊ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တို့အတွက် နှစ်အလိုက် ဂေါပကထံ သက်ဆိုင်ရာ ဂေါပကအဖွဲ့များမှ ပေးသွင်းရန် ငွေကြေးများနှင့်ပတ်သက်၍ စာရင်းစစ်အဖွဲ့မှ စစ်ဆေးဖော်ထုတ်ပြီးနောက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နောက်ဆုံး ထားပေးသွင်းရန် အကြောင်းကြားထားသော်လည်း သက်ဆိုင်ရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ပေးသွင်းခြင်း မရှိသေးကြောင်းကို သိရှိရပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက်မှု စာရင်းစစ်မှ စာရင်းစစ်ဆေးရန်ပင် ခက်ခဲနေသဖြင့် ဂေါပကအဖွဲ့ထံ ပေးသွင်းရန် တာဝန်ရှိသူကိုပင် ဖော်ထုတ်ခြင်း မပြုရသေးကြောင်းကို သိရှိရပါကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်တွင် အလောင်းတော် ကဿပ ဘုရားဂေါပကဝင်များ နစ်နာဆုံးရှုံးလျက် ရှိကြောင်း၊ မြန်မာပြည် တန်ခိုးကြီးဘုရားများ ဖြစ်သည့် ရွှေစက်တော် ဂေါပကအဖွဲ့၊ ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့တို့ကဲ့သို့ သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ဂေါပကအဖွဲ့ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲ၍ စနစ်တကျဖွဲ့စည်း ဆောင်ရွက်သည်ကို နမူနာယူသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ ကိုယ်စား ဘုရားဂေါပက၏ ၂၀၁၅-၂၀၁၆ ခုနှစ်၊ ၂၀၁၆-၂၀၁၇ ခုနှစ်၊ ၂၀၁၇-၂၀၁၈ ခုနှစ်၊ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အလိုက် ရရှိသုံးစွဲသည့် ဘဏ္ဍာငွေကြေးများ မည်ကဲ့သို့ စီမံဆောင်ရွက်ထားကြောင်းနှင့် နှစ်အလိုက် ဂေါပကအဖွဲ့များ၏ ငွေကြေးပြသနာ အခြေအနေများကို ပြည်သူများ သိရှိနိုင်ရန် ချပြပြီး အလောင်းတော် ကဿပဘုရား ဂေါပက အဖွဲ့အသစ်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးကြီးကြပ်လျက် လာမည့် ဘုရား ပွဲတော်အချိန်မီ စနစ်တကျ ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။