(ခ)-တရုတ်ခရီးသွားများ အသုံးပြုသည့် အွန်လိုင်းငွေပေးချေမှုစနစ်(We Chat Pay နှင့် Alipay) ကို တားမြစ်ပိတ်ပင်ရန်နှင့် ဇီးရိုးဘတ်ဂျက်တားဆီးနိုင်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
အရှေ့တောင်အာရှနိုင်ငံများကို တရုတ်ခရီးသွားများ အများအပြားလာရောက်လည်ပတ်လေ့ရှိပါကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တရုတ်နိုင်ငံပြင်ပကို ခရီးထွက်ကြသော တရုတ်နိုင်ငံသားများ များစွာရှိပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီး၏အဆိုအရ ကမ္ဘာအနှံ့ လည်ပတ်သော တရုတ်ခရီးသွားများ အများအပြားရှိနေသည်ဟု ဆိုပါကြောင်း၊ တရုတ်ခရီးသွား များနှင့်ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးဆိုပြီး နှစ်ခုစလုံးရှိနေပါကြောင်း၊ ကောင်းကျိုးက ခရီးသွားကုမ္ပဏီများ၊ တရုတ်ခရီးသွားဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင်များ၊ တိုးကားအဖွဲ့များ၊ အခြေခံလူတန်းစားအချို့ အလုပ်ဖြစ်ကြပါကြောင်း၊ ဝင်ငွေ ရရှိကြပါကြောင်း၊ သို့သော် တရုတ် ခရီးသွားများသည် ကမ္ဘာအနှံ့လည်ပတ်နေကြသော်လည်း ငွေပေးချေရေးစနစ်တွင် အွန်လိုင်းငွေပေး ချေစနစ်ဖြစ်သော (We Chat Pay နှင့် Alipay) စနစ်ကိုသာ အသုံးပြုလေ့ရှိပါကြောင်း၊ ၎င်းငွေပေးချေစနစ်ကြောင့် သက်ဆိုင်ရာနိုင်ငံများတွင် ဝင်ငွေဆုံးရှုံးမှုများ ဖြစ်ပေါ်နေပါကြောင်း၊ တရုတ်နိုင်ငံသားများသည် ကမ္ဘာအနှံ့ လည်ပတ်နေကြသော်လည်း တရုတ်နိုင်ငံသားများ ပိုင်ဆိုင်ကြသော ဟိုတယ်နှင့် စားသောက်ဆိုင်များတွင်သာ နေထိုင်စားသောက်လေ့ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ခရီးသွားလုပ်ငန်းလုပ်ဆောင်သူများက စီမံပေးသည့်အတိုင်းသာ နေထိုင်ကြပါကြောင်း၊ ၎င်းငွေပေးချေစနစ်သည် တရုတ်နိုင်ငံတွင်သာ တရားဝင်သုံး၍ရသည့်စနစ်ဖြစ်ပါကြောင်း၊ အဆိုပါစနစ်ကိုသုံးသည့်အတွက် တရုတ်ခရီးသွားလုပ်ငန်းများရရှိမည့်ဝင်ငွေသည် တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိသွားပါကြောင်း၊ ကျန်သည့်နိုင်ငံများတွင် တရားမဝင်ငွေပေးချေစနစ်ဖြစ်သည့်အတွက် ဝင်ငွေများ ဆုံးရှုံးမှုရှိနေပါကြောင်း၊
ထို့ကြောင့်လည်း မြန်မာနိုင်ငံပြည်တွင်းခရီးသွားအေဂျင်စီများနှင့် ဧည့်လမ်းညွှန်များအသင်းအဖွဲ့အစည်းများက ဇီးရိုးဘတ်ဂျက်ခရီးသွားများကို ကိုင်တွယ်ဖြေရှင်းရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကို တင်ပြထားသည်ဟုသိရပါကြောင်း၊ ဇီးရိုးဘတ်ဂျက်ဒဏ်ကိုခံနေရသည်မှာ မြန်မာတစ်နိုင်ငံတည်းမဟုတ်ပါကြောင်း၊ အာဆီယံနိုင်ငံတော်တော်များများလည်း ၎င်းဒဏ်ကိုခံနေရပါကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဇီးရိုးဘတ်ဂျက်ကိုတားဆီးရန် အစီအစဉ်များချမှတ်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကမ္ဘောဒီးယားခရီးသွားလာရေး ဝန်ကြီးက ဇီးရိုးဘတ်ဂျက်ခရီးသွားလာရေးကို ထိထိရောက်ရောက်အရေးယူမည်ဟု ပြောခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင်လည်း နီပေါအစိုးရက အွန်လိုင်းငွေပေးချေစနစ်ဖြစ်သော (We Chat Pay နှင့် Alipay) ကိုခွင့်မပြုတော့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံကို လာ ရောက်လည်ပတ်သည့် တရုတ်ခရီးသွားအရေအတွက်သည် ၃ သိန်းကျော်ရှိပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ လမှ ဧပြီလအထိ တရုတ်ခရီးသွား ၂ သိန်းကျော် ရှိနေပါကြောင်း၊ ဇီးရိုးဘတ်ဂျက်ကြောင့် ဝင်ငွေအလုပ်အကိုင်ရရှိသလို ဇီးရိုးဘတ်ဂျက်ခရီးသွားများကြောင့် နိုင်ငံခြားဝင်ငွေဆုံးရှုံးမှုများ၊ အခွန် ဘဏ္ဍာဆုံးရှုံးမှုများလည်းရှိနေပါကြောင်း၊ ဇီးရိုးဘတ်ဂျက် တရုတ်ခရီးသွားများအသုံးပြု၍ အွန်လိုင်း ငွေပေးချေစနစ် (We Chat Pay နှင့် Alipay)ကို တားဆီးပိတ်ပင်ရန်နှင့် ဇီးရိုးဘတ်ဂျက် တားဆီးနိုင်ရန် အစီအစဉ်များချမှတ်ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းပါသည်။