(င)-တင်ဒါလုပ်ငန်းများဆောင်ရွက်ရာတွင်တင်ဒါအချို့အားငြင်းပယ်ရသည့်အကြောင်းရင်းကိုတိကျစွာဖော်ပြပေးခြင်းရှိ/မရှိနှင့်တင်ဒါမအောင်မြင်သည့်ကုမ္ပဏီအား မရွေးချယ်ရသည့်အကြောင်းအရင်းကို အကြောင်းကြားစာပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

(င)-အစိုးရဌာနအဖွဲ့အစည်းများသည် ကန်ထရိုက်စနစ်ဖြင့် တင်ဒါလုပ်ငန်းများဆောင်ရွက်ရာတွင် တင်ဒါအချို့အား ငြင်းပယ်သည့်အခါ ငြင်းပယ်ရသည့် အကြောင်းအရင်း၊ မရွေးချယ်ရသည့် အကြောင်းအရင်းကို အစီရင်ခံစာတွင် ရှင်းလင်းချက်များနှင့် တိကျစွာဖော်ပြပေးခြင်းရှိ/မရှိနှင့် တင်ဒါမအောင်မြင်သည့် လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအား မရွေးချယ်ရသည့်အကြောင်းအရင်းကို အကြောင်းကြားစာပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

သမ္မတရုံးမှ (၁/၂၀၁၇)ဖြင့် ထုတ်ပြန်ညွှန်ကြားထားသည့် တင်ဒါစည်းကမ်းချက် အမှတ်စဉ်(၃၇)တွင် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီသည် အကဲဖြတ်မှုအစီရင်ခံစာအား အကြံပြုချက်များနှင့် အတူပြုစု၍ တင်ဒါကော်မတီထံ တင်ပြရကြောင်း၊ အစီရင်ခံစာတွင် တင်ဒါမအောင်မြင်သူများနှင့် မရွေးချယ်ရသည့်ရှင်းလင်းချက်များကို ဖော်ပြရမည်ဟုပါရှိပါကြောင်း၊ အပိုဒ် ၄၄(င)တွင်လည်း တင်ဒါအားလုံး သို့မဟုတ် တင်ဒါအချို့အား ငြင်းပယ်ရာတွင် တင်ဒါကော်မတီသည် လုံလောက်သည့် အကြောင်းပြချက်ဖြင့် မှတ်တမ်းရေးသွင်းပယ်ဖျက်ရမည်ဟု ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ လ ၆ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် တင်ဒါစည်းကမ်းချက် ၁၈(ဇ)တွင် တင်ဒါခေါ်ယူသူအနေဖြင့် အကြောင်းတစ်စုံတစ်ရာ ဖော်ပြခြင်းမရှိဘဲ တင်ဒါများကို တင်နိုင်သော အခွင့်အာဏာရှိကြောင်းကို လိုက်နာရမည့်တင်ဒါစည်းကမ်းချက်များတွင် ဖော်ပြထားပါ ကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တင်ဒါကော်မတီ၏ စည်းကမ်းချက် အပိုဒ် ၂၇ တွင် စစ်ကိုင်းတိုင်းဒေသကြီးအကျိုးစီးပွားကို တင်ဒါစိစစ်ရေးကော်မတီအနေဖြင့် ရှေ့ရှု လျက် မည်သည့်အကြောင်းပြချက်မှ ဖော်ပြရန်မလိုဘဲ တင်ဒါလုပ်ငန်း ဖျက်သိမ်းခြင်း သို့မဟုတ် လုပ်ငန်းခေါင်းစဉ်ပြောင်းလဲခြင်းကို လက်သင့်ခံရန်ပါရှိပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်က ထုတ်ပြန်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ဒါစည်းကမ်းချက် နံပါတ်(၁၂)တွင် စစ်ကိုင်းတိုင်းဒေသကြီးအကျိုးစီးပွားကို တင်ဒါစိစစ်ရေးကော်မတီအနေဖြင့် ရှေ့ရှုလျက် မည်သည့် အကြောင်းပြချက်မှ ဖော်ပြရန်မလိုဘဲ တင်ဒါကိုပယ်ဖျက်နိုင်သည်ဟုပါရှိပါကြောင်း၊ သမ္မတရုံး၏ ညွှန်ကြားချက်(၁/၂၀၁၇)ကို ဆန့်ကျင်ဘက်အဓိပ္ပာယ် သက်ရောက်သည့် ညွှန်ကြားချက်မျိုး ထုတ်ခြင်းသည် မဖြစ်သင့်ကြောင်း၊ အဂတိလိုက်စားမှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ တင်ဒါဝင်ရောက်ယှဉ်ပြိုင်သူများ၏ အထင်လွဲမှားမှုကိုလည်း ခံရနိုင်ပါ ကြောင်း၊ ထို့ကြောင့် မိမိ အနေဖြင့် တင်ဒါခေါ်သည့်အခါတွင် ပွင့်လင်းမြင်သာမှုရှိစေရန်၊ အဂတိလိုက်စားမှုကို ကြိုတင် ကာကွယ်ရန် တင်ဒါဝင်ရောက်ယှဉ်ပြိုင်သူများကို ယုံကြည်မှုရှိစေရန် အစိုးရဌာနအဖွဲ့အစည်း များသည် ကန်ထရိုက်စနစ်ဖြင့် တင်ဒါလုပ်ငန်းများဆောင်ရွက်ရာတွင် တင်ဒါအချို့အား ငြင်းပယ် သည့်အခါ ငြင်းပယ်ရသည့်အကြောင်းအရင်း၊ မရွေးချယ်ရသည့် အကြောင်းအရင်းကို အစီရင်ခံစာ တွင် ရှင်းလင်းချက်များနှင့် တိကျစွာဖော်ပြပေးခြင်းရှိ/မရှိနှင့် တင်ဒါမအောင်မြင်သည့် လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအား မရွေးချယ်ရသည့်အကြောင်းအရင်းကို အကြောင်းကြားစာပေးနိုင်ခြင်းရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။