(စ)-မင်းတပ်မြို့နယ် ကြာအိမ်နူးကျေးရွာနှင့် ဒါဒိုကျေးရွာအကြားရှိ ချယ်လောင်ချောင်းကိုဖြတ်ပြီး ကြိုးတံတားတစ်စင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ ချင်းပြည်နယ်သည် တောင်ကုန်း၊ တောင်တန်းထူထပ်သည့်အတွက် သွားလာရေးလွန်စွာမှ ခက်ခဲပါကြောင်း၊ ကျေးရွာများသည်လည်း တစ်ရွာနှင့်တစ်ရွာတွင် တောင်ကြောအလိုက်၊ ခင်ကြော အလိုက်တည်ရှိကြပါကြောင်း၊ တစ်ချို့ကျေးရွာများသည် တောင်ထပ်တွင်ရှိပြီး တစ်ချို့ကျေးရွာ များက တောင်ခါးပတ်တွင် ရှိကြသည့်အတွက် ကျေးရွာ တစ်ရွာနှင့်တစ်ရွာကို ကူးလူးသွားလာမည် ဆိုပါက ကျေးရွာ၏တောင်ကုန်းမှ အောက်ကိုဆင်းပြီးမှ ၎င်းတောင်နှစ်ခုကြားရှိ ချောင်းကိုဖြတ်ပြီး အခြားတစ်ရွာကို သွားလာရသောအခက်အခဲများရှိပါကြောင်း၊ ထို့ကြောင့် ကျေးရွာတစ်ရွာနှင့်တစ်ရွာ ကူးလူးဆက်ဆံရန် ကျေးရွာနှစ်ရွာကြားတွင်အနည်းဆုံးလူကူးတံတားလေးတစ်စင်းရှိရန် လိုအပ်နေ ပါကြောင်း၊
ကြာအိမ်နူးကျေးရွာနှင့် ဒါဒိုကျေးရွာရှိ ချယ်လောင်းချောင်းတွင် ကျေးရွာရွာသူရွာသားများက ကိုယ်ထူကိုယ်ထလုပ်ထားသော ယာယီတံတားလေးသည် မိုးတွင်းတွင်ပါသွားသည့်အတွက်ကြောင့် ရွာသူရွာသားများသည် ဒီရေကြီးသည့်အချိန်တွင် ပျက်စီးသည့်လမ်းများလာရောက်တူးပြီး ယာယီ တံတားလေးလာရောက်တည်ဆောက်ပါကြောင်း၊ ယာယီတံတားလေးပေါ်တွင် ကျောင်းသူကျောင်း သားများ ခဲခဲယဉ်းယဉ်းကူးလူးသွားလာနေရပါကြောင်း၊ ၎င်းယာယီတံတားလေးပေါ်တွင် ထယ်ပန်း ကျေးရွာနှင့် ဒါဒိုကျေးရွာရှိ ကျောင်းသူကျောင်းသားများက အခြားတစ်ရွာကဖြစ်သော ကြာအိမ်နူး ကျေးရွာကို နေ့စဉ်နှင့်အမျှ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားပြီး ကျောင်းတက်နေရပါကြောင်း၊ တောင်ကျချောင်းဖြစ်နေသည့်အတွက် လှေဖြင့် အခြားဘက်ကမ်းကို ကူး၍လည်းမရပါကြောင်း၊ တောင်ပေါ်မှ အရှိန်အဟုန်ပြင်းစွာ စီးဆင်းသောချောင်းဖြစ်သည့်အတွက် ၎င်းတောင်ကျချောင်းကို လှေဖြင့်ကူးလိုက်မည်ဆိုပါက လှေရော၊ လူရောအကုန်နစ်မြှုပ်သွားမည်ဖြစ်သည့်အတွက် လှေဖြင့်ကူးရန် အလွန်ခက်ခဲပါကြောင်း၊
ကြာအိမ်နူး ကျေးရွာသည် ကြာလေလှိုင်းအုပ်စုတွင်ရှိပါကြောင်း၊ ဒါဒိုကျေးရွာသည် မဒက်အုပ်စုနှင့် ဆက်သွယ်ထားသောကြောင့် အုပ်စုနှစ်စုကို အဓိကဆက်သွယ်ထားသော လမ်းလည်းဖြစ်သည့် အတွက် ကျေးရွာနှစ်ရွာတည်းအဓိကအကျိုးရှိခြင်း မဟုတ်ပါကြောင်း၊ အုပ်စုနှစ်စုလုံးတွင် ပြည်သူများ၊ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည်ကို အဆိုပါချောင်းများကို ဖြတ်ပြီး သွားလာကူးလူးဆက်ဆံနေကြပါကြောင်း၊ နွေရာသီရောက်လျှင် ကျေးရွာလူထုက ကိုယ်ထူ ကိုယ်ထဖြင့် လမ်းတူးမည်၊ ယာယီတံတားလေးဆောက်မည်၊ မိုးရာသီတွင် ရေထဲပါသွားမည်၊ မိုးရာသီတွင် ရေထဲကိုတံတားက မျောလိုက်၊ နွေရာသီတွင် ပြည်သူပြည်သားများက ဆောက်လိုက် ဖြင့် သမ္မတကြီးပြောသော ဂျအေးသူ့မေရိုက်နေသလိုဖြစ်ပါကြောင်း၊ ဟိုဘက်ကမ်းနှင့် ဒီဘက်ကမ်း ချောင်းရေလွတ်နိုင်အောင် လူကူးကြိုးတံတားလေးများ ဆောင်ရွက်လိုက်မည်ဆိုပါက မိမိတို့ အနှစ်နှစ်အလလက ပြည်သူများမျှော်မှန်းနေသော အစိုးရသစ်လက်ထက်တွင် ကျေးရွာချင်းဆက် လူကူးတံတားလေးများရပြီး ကျောင်းသူကျောင်းသားလေးများ၊ သားသမီးလေးများ အသက် အန္တရာယ်ကင်းရှင်းစွာဖြင့် ပညာရေးကို ကောင်းစွာသင်ယူနိုင်မည်ဖြစ်သည့်အတွက် မင်းတပ် မြို့နယ်၊ ကြာအိမ်နူးကျေးရွာနှင့် ဒါဒိုကျေးရွာအကြားရှိ ချယ်လောင်ချောင်းကိုဖြတ်ပြီး ကြိုးတံတား တစ်စင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။