(က)-ရခိုင်ပြည်နယ်ရှိ မာန်အောင်မြို့မှ ကျောက်ဖြူ၊ စစ်တွေမြို့များသို့ သွားလာနိုင်ရေးအတွက် ကစ္စပနဒီအမြန်ရေယာဉ်အား သီတင်းတစ်ပတ်တွင် အနည်းဆုံးနှစ်ကြိမ်ပြေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မာန်အောင်မြို့နယ်သည် ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းပေါ်တွင် တည်ရှိပြီး ဘင်္ဂလားပင်လယ်အော်ထဲတွင် ရေပတ်လည်ဝိုင်းလျက် ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် နိုင်ငံတော်မှ ဝေးလံခေါင်သီဒေသရှားပါး စရိတ်ခံစားခွင့်ပြုထားသည့် မြို့နယ်တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ဆက်သွယ်သွားလာရာတွင် ရေကြောင်းနှင့် လေကြောင်းကို အဓိကအားထားနေရပါကြောင်း၊ လေကြောင်းနှင့် သွားလာနိုင်သော်လည်း လေယာဉ်သည် ခရီးသည် ၁၀ ယောက်ခန့်သာစီးနိုင်သည့်အပြင် ယခုအချိန်တွင် တစ်ပတ်လျှင် ငါးရက်ပြေးဆွဲခြင်းကြောင့် အနည်းငယ်သာ အဆင်ပြေသော်လည်း မိုးရာသီ ဇွန်လမှ စက်တင်ဘာလအထိ လေယာဉ်ခရီးစဉ်ကို ရာသီဥတုကြောင့်ပိတ်ထားရသည့်အတွက် ကျောက်ဖြူမြို့၊ စစ်တွေမြို့များသို့ သွားလာရေးတွင် များစွာအခက်အခဲဖြစ်ကြပါကြောင်း၊
မာန်အောင်ကျွန်းသည် စတုရန်းမိုင် ၂၀၂ မိုင်ကျယ်ဝန်းပြီး ကျေးရွာအုပ်စု ၃၆ အုပ်စု၊ ကျေးရွာ ၁၃၇ ရွာနှင့် မြို့ပေါ် ၅ ရပ်ကွက်ရှိပြီး လူဦးရေ ၆၅၀၀၀ ကျော် နေထိုင်လျက်ရှိသည့် မြို့နယ်တစ်ခု ဖြစ်ပြီး ရုံးလုပ်ငန်းများနှင့် ဆက်သွယ်ရာတွင် ကျောက်ဖြူမြို့၊ စစ်တွေမြို့များသို့ မလွဲမသွေသွားရောက် ရပါကြောင်း၊ ယင်းသို့ သွားရောက်ရာတွင်လည်း အဆိုပါမြို့များသို့ တိုက်ရိုက်သွားလာနိုင်ခြင်းမရှိဘဲ တောင်ကုတ်မြို့မှတစ်ဆင့် ကျောက်ဖြူ၊ စစ်တွေများသို့ သွား ရောက်ရသည့်အတွက် အချိန်ကုန်၊ ငွေကုန်ဖြစ်နေကြ ရပါကြောင်း၊
ယခင်က တောင်ကုတ်မြို့မှ စစ်တွေမြို့ကို ကားဖြင့် လွယ်လွယ်ကူကူသွားနိုင်သော်လည်း ယခု စစ်တွေ-တောင်ကုတ် ကားလမ်းတစ်လျှောက် တိုက်ပွဲများ၊ မိုင်းများကြောင့် လုံခြုံရေးအရ ပြည်သူများမှာ သွားနိုင်ခြင်းမရှိဘဲ လေယာဉ်နှင့် သွားရသည့်အတွက် စရိတ်ကြီးပြီး လေယာဉ်လက်မှတ်ရန် လွယ်ကူခြင်းမရှိပါကြောင်း၊ ကျောက်ဖြူမြို့ကို သွားရရန်လွယ်ကူသော်လည်း စစ်တွေမြို့ကိုသွားရန် များစွာခက်ခဲသည့်အတွက် မာန်အောင်မြို့၊ ကျောက်ဖြူမြို့၊ စစ်တွေမြို့ကိုသွားလာရန် ကစ္စပနဒီအမြန်ရေယာဉ်ကို လိုအပ်နေပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း မာန်အောင်မြို့မှ ကျောက်ဖြူမြို့၊ စစ်တွေမြို့များကိုသွားလာရန် ကစ္စပနဒီအမြန်ရေယာဉ်ကို သတင်းတစ်ပတ်တွင် အနည်းဆုံးနှစ်ကြိမ်ခန့် ပြေးဆွဲစေလိုကြပါကြောင်း၊
ထို့ကြောင့် ကစ္စပနဒီအမြန်ရေယာဉ်ကို မာန်အောင်မြို့ မှ ကျောက်ဖြူမြို့၊ စစ်တွေမြို့ကို တစ်ပတ်လျှင် နှစ်ကြိမ်ပြေးဆွဲရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။