(ခ) ပြည်-ပေါက်ခေါင်းလမ်းပိုင်း ရထားလမ်းဖောက်လုပ်ရန် သိမ်းဆည်းခဲ့သော လယ်ယာမြေများနှင့် ပတ်သက်၍ လျော်ကြေးငွေမရရှိသေးပါသဖြင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပေးလျော်မည်ကို သိလို ခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

ပဲခူးတိုင်းဒေသကြီးအတွင်းရှိသည့် ပြည်-ပေါက်ခေါင်း ရထားလမ်ပိုင်းကို ၂၀၀၇ ခုနှစ်၊ ၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး စတင်ဖွင့်လှစ်ခဲ့သည်မှာ ၂၆-၈-၂၀၁၀ ခုနှစ်တွင် ဖြစ်ပါ ကြောင်း၊ ပြည်နှင့်ပေါက်ခေါင်းသည် ၂၄ မိုင်သာကွာဝေးပြီး ကားလမ်းသွားရေးလာရေး အလွန် အဆင်ပြေပါကြောင်း၊ ထို့ကြောင့်ပြည်သူများသွားလာရေး နှင့် ဒေသထွက်ကုန်ပစ္စည်းများ သယ်ယူ ရေးအတွက် ရထားလမ်းသည် အကျိုးပြုခြင်း အလွန်နည်းခဲ့ပါကြောင်း၊ ထို့ကြောင့် ၎င်းရထား လမ်းပိုင်းကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင်ဖျက်သိမ်းရန် ညွှန်ကြားထားပြီးဖြစ်သည့်အပြင် ယခုအချိန်တွင် ၎င်းရထားသံလမ်းများကိုပါ ပြန်လည်သိမ်းဆည်းပြီးဖြစ်နေသည်ကို တွေ့ရပါကြောင်း၊

ပြည်-ပေါက်ခေါင်းရထားလမ်းဖောက်လုပ်သည့်နေရာတွင် ပြည်မြို့နယ်ရှိ တောင်သူအများအပြား လယ်ယာမြေများ သိမ်းဆည်းခံခဲ့ရသလို ပေါက်ခေါင်းမြို့နယ်အတွင်းရှိသည့် တောင်သူများ၏ လယ်ယာမြေများလည်း သိမ်းဆည်းခံခဲ့ရခြင်းဖြစ်ပါကြောင်း၊ ပြည်မြို့နယ်အတွင်းရှိ တောင်သူ ၂၁၇ ဦးပိုင်ဆိုင်သည့် လယ်ဧက ၁၇၆.၂၂ ဧက၊ ဥယျာဉ် ၁.၅၉ ဧကနှင့် အခြားမြေ ၀.၆၇ ဧကကို သိမ်းယူ ခဲ့ပါကြောင်း၊ စုစုပေါင်း ၁၇၈.၄၈ ဧက ဖြစ်ပါကြောင်း၊ ၎င်းသိမ်းဆည်းခံလယ်ယာမြေများအတွက် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအတည်ပြုပြီးသည့်နောက် တောင်သူများသည် ၂၀၁၃ ခုနှစ်မှစပြီး လျော်ကြေး၊ နစ်နာကြေးရရန်အတွက် အဆင်ဆင့်တင်ပြတောင်းခံခဲ့ပါကြောင်း၊ ယခုလိုတောင်းခံ သည့်နေရာတွင် မိမိတို့မှ ၎င်းနှင့်သက်ဆိုင်သည့်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိသည့် မီးရထားအဖွဲ့ တိုင်း-၆ ကို တင်ပြတောင်းခံခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်မှစပြီး အကြိမ်ကြိမ်တင်ပြတောင်းခံခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုအခါတွင် မြေစာရင်း၏စာရင်းဇယား မှန်ကန်ရန်၊ လယ်မြေဧကများမှန်ကန်ရန်၊ ပြန်လည်တွက်ချက်ပေးပါဆိုသည့်အခါ၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်တွင် နှစ်ကြိမ်တင်ပြခဲ့ပါကြောင်း၊ ဈေးနှုန်းများ ပြန်လည်ညှိနှိုင်းပေးရန်ဆိုသည့်အတွက် မြေစာရင်း၊ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်အုပ်ချုပ်ရေး ဦးစီးဌာန၊ တောင်သူများနှင့်ညှိနှိုင်းပြီး ပြန်လည်တင်ပြခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဧပြီလတွင်လည်း တင်ပြကြောင်း၊ နောက်ဆုံး ပေါက်ခေါင်းအတွက် ၂၀၁၈ RE တွင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိသည့် တောင်သူများအတွက် လယ်ယာလျော်ကြေးငွေ ပေးလျော်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်းတစ်ခုတည်းတွင်ရှိသည့် မြို့နယ်နှစ် မြို့နယ်ကိုချိတ်ဆက်ထားသည့် ရထားလမ်းပိုင်းအတွက် လျော်ကြေးငွေပေးချေသည့်နေရာတွင် ပေါက်ခေါင်းမြို့နယ်မှ တောင်သူများရရှိပြီး ပြည်မြို့နယ်မှ တောင်သူများ မည်သည့်အတွက် ကျန်ခဲ့ပါသနည်း၊ မိမိတို့ပြည်သူများကလည်း အလွန်သိချင်ပါကြောင်း၊ ထို့ကြောင့် ပြည်မြို့နယ် တွင်ရှိသည့် တောင်သူများ၏ လယ်ဧက စုစုပေါင်း ၁၇၈.၄၈ ဧကကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပေးလျော်ပါမည်နည်း၊ အကယ်၍ မပေးလျော်နိုင်လျှင်လည်း မည်သည့် အတွက်ကြောင့်ဆိုသည်ကို သိလိုကြောင်း မေးမြန်းပါသည်။