(င)ကောလင်းမြို့နယ်တွင်ခွင့်ပြုထားသော သတ္တုတူးဖော်ရေးကုမ္ပဏီများကို သတ်မှတ်ချက်များ အတိုင်းဆောင်ရွက်နေခြင်းရှိ/မရှိစိစစ်၍ဥပဒေနှင့်မညီသည်များကိုစိစစ်အရေးယူရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
(င)-ကောလင်းမြို့နယ်၊ ရှမ်းကလုံးကျေးရွာအနီးတစ်ဝိုက်တွင် ခွင့်ပြုထားသော သတ္တုတူးဖော်ရေး ကုမ္ပဏီများကို သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နေခြင်းရှိ/မရှိ စိစစ်၍ ဥပဒေနှင့် မညီ သည်များကို စိစစ်အရေးယူရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကောလင်းမြို့နယ်သည့် ရွှေထွက်ရာအရပ်ဒေသဖြစ်သည့်အတွက် ရွှေကုမ္ပဏီများ၊ ဒေသခံ လက်လုပ်လက်စားများနှင့် အိမ်ဝိုင်းလေးနှင့် လုပ်ကိုင်နေသူများကအစ ရှိသည့် အရပ်ဒေသ ဖြစ်ပါကြောင်း၊ ယခုနှစ်အစောပိုင်းတွင် ရှမ်းကလုံးဒေသတစ်ဝိုက်က ကုမ္ပဏီ များကို လေ့လာကြည့်ခဲ့ပါကြောင်း၊ ယင်းသို့လေ့လာကြည့်ရာတွင် တရုတ်ပြည်က နိုင်ငံခြားသားများဖြစ်ပြီး ၎င်းတို့အနေဖြင့် တရားဝင်နေထိုင်ခွင့် ရှိ/မရှိမေးမြန်းရာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ခွင့်ပြုချက်တောင်းထားသည်ဟု ဖြေဆိုကြပါကြောင်း၊
နောက်တစ်ချက်တွေ့ရှိရသည်မှာ ကြေးနီစမ်းသပ်ရှာဖွေလုပ်ကွက်ရထားသည့် အကြီးစား လုပ်ငန်းများတွင် ရွှေချက်လုပ်ငန်းများ လုပ်ကိုင်နေသည့် စက်ရုံအသေးစားလေးများကို တွေ့ပါကြောင်း၊ ရွှေကို Fine Product ရအောင် ပြုလုပ်ခြင်း မဟုတ်ဘဲ အမြှုပ်အဆင့်ထိ အောင်ပြုလုပ်ကာ အမြှုပ်ဖြစ်ပြီဆိုပါက တရုတ်ပြည်ကို တိုက်ရိုက်ပို့ပါသည်ဟုဆိုပါကြောင်း၊ အဆိုပါအမြှုပ်ကို ပို့ခွင့်ရှိ/မရှိ မေးမြန်းရာတွင် ရှိသည့်ကုမ္ပဏီနှင့်ပူးပေါင်း ပို့ခြင်းဖြစ်ကြောင်းကို ပြန်လည်ဖြေကြားပါကြောင်း၊
ထို့ကြောင့် အမြှုပ်ကို ပို့သည်ဆိုပါက နံပါတ်(၁) ချက်လုပ်ခွင့်ရှိ/မရှိ၊ နံပါတ်(၂) ချက်လုပ်ခွင့်ရှိပါက အဆိုပါစက်ရုံ ပုံစံနှင့်လုပ်ခွင့်ရှိ/မရှိ၊ ယင်းကဲ့သို့ အမြှပ်များကို နိုင်ငံခြားကိုတိုက်ရိုက်ပို့မည်ဆိုပါက အဆိုပါအမြှပ်တွင် ရွှေမည်မျှ၊ ကြေးနီမည်မျှ ပါသည်ကို မသိနိုင်သည့်အတွက် မိမိတို့နိုင်ငံအတွက် အခွန်ဘယ်လိုရမည်မျှရမည်ဆိုသည့် မေးခွန်းများ ရှိလာပါကြောင်း၊
ထို့ကြောင့် ကောလင်းမြို့နယ်၊ ရှမ်းကလုံး ကျေးရွာအနီးတစ်ဝိုက်တွင် ခွင့်ပြုထားသော သတ္တုတူးဖော်ရေးကုမ္ပဏီများကို သတ်မှတ်ချက်အတိုင်း ဆောင်ရွက်နေခြင်းရှိ/မရှိ စိစစ်၍ ဥပဒေနှင့်မညီသည်များကို စိစစ်အရေးယူပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။