(စ)-ယင်းခဲသစ်တောကြိုးဝိုင်းအတွင်း ကာလတာရှည်ကတည်းက ထွန်ယက်စိုက်ပျိုးနေထိုင် ခဲ့ရာမှ သစ်တောကျူးကျော်သူများဖြစ်သွားသောကျေးလက်နေပြည်သူများစာရင်းကိုစာရင်းသစ်တစ်ရပ် ဖြစ်အောင် အသစ်ထပ်မံကောက်ယူပြုစု ထုတ်ပြန်ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(စ)-ယင်းခဲသစ်တောကြိုးဝိုင်းအတွင်း ကာလတာရှည်ကတည်းက ဝင်ရောက်ထွန်ယက်စိုက်ပျိုးနေထိုင်ခဲ့ရာမှ သစ်တောကျူးကျော်သူများ ဖြစ်သွားကြရသော ကျေးလက်နေပြည်သူများစာရင်းကို အမှန် တကယ်တိကျမှန်ကန်ခိုင်လုံသော စာရင်းသစ်တစ်ရပ်ဖြစ်အောင် အသစ်ထပ်မံကောက်ယူပြုစု ထုတ်ပြန်ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကသာမြို့နယ်တွင် ယင်းခဲသစ်တောကြိုးဝိုင်းကြီးဆိုသည်မှာ ဧက ၆၆,၀၀၀ ကျော်ရှိပါကြောင်း၊ ၎င်းတွင် တိုက်ရိုက်ဆက်နွှယ်နေသည့်ရွာပေါင်း၊ ပါဝင်နေသည့်ရွာပေါင်း၊ ထိတွေ့နေသည့် ရွာပေါင်းမှာ ရွာ ၂၀ ကျော်ရှိပါကြောင်း၊ သွယ်ဝိုက်ပြီးဆက်စပ်နေသည့် ထိတွေ့နေသည့် ရွာပေါင်းမှာ ၂၅ ရွာရှိ သည့်အတွက် စုစုပေါင်းရွာပေါင်း ၄၅ ရွာ၊ ရွာ ၅၀ လောက်မှီတင်းနေထိုင်ကြပါကြောင်း၊ ၎င်းသစ်တောကြိုးဝိုင်းသည် သူ့ချည်းပဲမဟုတ်ကြောင်း၊ ၎င်းနှင့်ဆက်စပ်ပြီး ထီးချိုင့်မြို့နယ်မှ အင်တောင်းကြိုးဝိုင်း၊ ရွှေကူမြို့နယ်မှ နမ့်ပါကြိုးဝိုင်း၊ မဘိမ်းမြို့နယ်မှ ငအိုးကြိုးဝိုင်း စသည်ဖြင့် ၎င်းခွင်ကြီးတစ်ခုလုံးကဆက်စပ်ပြီး အထဲတွင် မိမိတို့ ကသာမြို့နယ်က ယင်းခဲသစ်တောကြိုးဝိုင်း ကို ဥပမာ-မေးရမည်ဆိုလျှင် ၎င်းသစ်တောများ ပျက်စီးသွားကြောင်း၊ အတော်များများ ပျက်စီးသွား သည့်အတွက် ကွက်လပ်ကြီးများဖြစ်ပြီး ၎င်းတွင်ဒေသခံပြည်သူများ၊ ထို့နောက် ရွှေ့ပြောင်းပြီး ရေကြည်ရာမြက်နုရာ အင်မတန်ဆင်းရဲရှာသည့်၊ ဆင်းရဲတွင်းနက်သည့် အလုပ်အကိုင်သစ် ရှာဖွေ ရင်းနှင့် ရောက်လာသည့်သူများ၏ ဝင်ရောက်ထွန်ယက်စိုက်ပျိုး စသည်ဖြင့် ယခုလိုဖြစ်သွားသည့် အခါ ယနေ့လက်ထက်တွင် သစ်တောကျူးများအဖြစ်အလိုအလျောက်ဘုမသိဘမသိနှင့် ရောက်သွား ပါကြောင်း၊
ယင်းခဲသစ်တောကြိုးဝိုင်းကြီးသည် သစ်တောဘဝမှ ကွင်းပြင်ကျယ်ဘဝ ကိုရွေ့လျားသွားသည့် အတွက် ကွင်းပြင်ဖြစ်သွားသည့်နေရာတွင် ဒေသခံများက ဝင်ရောက်စိုက်ပျိုးကြမည်ဖြစ်ကြောင်း၊ ၎င်းအတွက် မိမိတို့က ၂၀၁၃ ခုနှစ်တွင် သစ်တောကျူးဟု စာရင်းကောက်ထားကြောင်း၊ သို့သော်လည်း မိမိတို့ I-10 တွင်လုပ်သည့် အစည်းအဝေးများတွင် ကြိုးဝိုင်းအတွင်းဖြစ်ပွား နေသည့်ပြဿနာများကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့လောက်တွင် လုပ်ခဲ့ဖူးသည့် အစည်းအဝေးတွင်ရော၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီမှ လုပ်ကြောင်း၊ ၎င်းတွင် သက်ဆိုင်ရာ အရာရှိကြီးများ၊ အရာထမ်းကြီးများကလည်း ၎င်းစာရင်းများ သည် အချိန်တိုတိုနှင့်လုပ်ခဲ့ရသည့်အတွက် ပြည့်စုံ လုံလောက်မှုမရှိပါကြောင်း၊ အသစ်ထပ် လုပ်ပေးရပါမည်ဆိုကြောင်း၊ အဓိကမိမိဆိုလိုသည်မှာ၎င်းသစ်တောကျူးစာရင်းကို အမှန်ဖြစ်ရန် အတွက်မိမိတို့အချိန်မရှိတော့ပါကြောင်း၊ မြန်မြန်ဆန်ဆန်လုပ်ပေးရန်အတွက် အရေးကြီးလာ ကြောင်း၊ နောက်တစ်ချက်သည် မိမိတို့ ရွေးကောက်ပွဲ နီးလာသည့်အတွက် ၎င်းသစ်တောကျူးများ သတ်မှတ်ခံရသည့်ပုဂ္ဂိုလ် အတော် များများမှာလည်း တချို့စာရင်းပါတာရှိသလို၊ စာရင်းမပါ တာရှိကြောင်း၊ တခြားစာရင်း ကောက်နေသည့်အချိန်တွင် အပြင်ရောက်နေ၍မပါတာရှိကြောင်း၊ ၎င်းလူများကလည်း မဲထည့်ရမည်ဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့် ရှိသည့်အသက်အရွယ်၊ သတ်မှတ် အရည်အချင်းပြည့်စုံ၍ မဲထည့်ရာတွင် ၎င်းတို့အတွက်လည်း မိမိတို့က မဲစာရင်းများ အခွင့်အရေး မဆုံးရှုံးရအောင်လည်းအရေးကြီးပါကြောင်း၊ ထို့ကြောင့် ယင်းခဲ သစ်တောကြိုးဝိုင်းအတွင်း ကာလ တာရှည်ကတည်းက ဝင်ရောက်ထွန်ယက်စိုက်ပျိုးနေထိုင်ခဲ့ရာမှ သစ်တောကျူးကျော်သူများ ဖြစ် သွားကြရသော ကျေးလက်နေပြည်သူများစာရင်းကို အမှန်တကယ်တိကျမှန်ကန်ခိုင်လုံသော စာရင်း သစ်တစ်ရပ်ဖြစ်အောင် အသစ်ထပ်မံကောက်ယူပြုစု ထုတ်ပြန်ရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။