(ဂ)မောင်တောမြို့၌ လိုအပ်လျက်ရှိသော လူနည်းစု(သက်)တိုင်းရင်းသားများ စာပေယဉ်ကျေးမှု ဖြန့်ဖြူး၊ လေ့ကျင့်ရာ ရိုးရာဓလေ့ထုံးတမ်းအခမ်းအနားကျင်းပနိုင်မည့်အဆောက်အဦတစ်ခုအား ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-31

(ဂ)မောင်တောမြို့၊ (၄)မိုင်ရပ်ကွက်၊ မကျည်းကုန်းရွာ၌ လိုအပ်လျက်ရှိသော လူနည်းစု(သက်) တိုင်းရင်းသားများ စာပေယဉ်ကျေးမှု ဖြန့်ဖြူးရာ၊ လေ့ကျင့်ရာ-ရိုးရာဓလေ့ထုံးတမ်း အခမ်းအနား ကျင်းပနိုင်မည့် ၅၀ ပေ x ၃၀ ပေရှိ အဆောက်အဦတစ်ခုအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ (၄)မိုင်ရပ်ကွက်၊ မကျည်းကုန်းရွာ၌ လိုအပ်လျက်ရှိသည့် ကွယ်ပျောက်လု နီးပါးဖြစ်နေသည့် သက်တိုင်းရင်းသား စာပေယဉ်ကျေးမှု ဖြန့်ဖြူးရာ၊ လေ့ကျင့်ရာ-ရိုးရာဓလေ့ထုံး ဓလေ့ထုံးတမ်း အခမ်းအနား ကျင်းပနိုင်သည့် အဆောက်အဦတစ်ခု ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိသိရှိလိုသည့်အတွက် မေးခွန်းမေးမြန်းသွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ၁၃၅ မျိုးတွင် သက်တိုင်းရင်းသား တစ်မျိုးပါဝင်သည့်အပြင် ရခိုင်ပြည်နယ်အတွင်းတွင် မှီတင်းနေထိုင်ကြသည့် မျိုးနွယ်စု ခုနစ်မျိုးထဲတွင် မျိုးနွယ်စု တစ်စု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား အားလုံးသည် လူမျိုးအလိုက် ဆင်းသက်လာသည့် သမိုင်းအသီးသီး ရှိကြသည့်အပြင် သက်တိုင်းရင်းသားသည် မြန်မာ့သမိုင်း၊ ရခိုင်သမိုင်း၊ မြန်မာနိုင်ငံ၏ ရှေးဦးရာဇဝင် မှတ်တမ်းအရ ပျူ၊ ကယန်း၊ သက် ဟု မြန်မာနိုင်ငံတွင် ရှေးဦးဆုံး ဝင်ရောက် အခြေချနေထိုင်လာကြသည့် လူမျိုး တစ်မျိုး ဖြစ်ပါကြောင်းကို လေ့လာတွေ့ ရှိရပါကြောင်း၊ ယခုအခါတွင် မြန်မာနိုင်ငံအတွင်းတွင် ပျူရယ်၊ ကယန်းရယ် ကွယ်ပျောက်ခဲ့ပြီး ရှေးဦးလူမျိုးအဖြစ် သက်တိုင်းရင်းသား တစ်မျိုးသာ ကျန်နေသည်ကို သိရပါကြောင်း၊

သက်တိုင်းရင်းသားများသည် အခုအခါတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တစ်ခုတည်းတွင် အများဆုံးနေထိုင်ကြပြီး ကျေးရွာပေါင်း ရှစ်ရွာ၊ ရပ်ကွက်တစ်ခု၊ လူဦးရေ ၁၆၀၀ ကျော်၊ ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာနှစ်ရွာ၊ ရသေ့တောင်မြို့နယ်တွင် ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ရွာ၊ မြောက်ဦးမြို့နယ်တွင် ရပ်ကွက်နှစ်ခု နေထိုင်ကြပြီး ၂၀၁၆-၂၀၁၇ ခုနှစ် ပဋိပက္ခ ပြဿနာကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ အမ်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ နေပြည်တော် အစရှိသည့် နေရပ်အသီးသီးတွင် နေရပ်စွန့်ခွာ ပြောင်းရွှေ့သွားသည့် သူများအပါအဝင် သက်တိုင်းရင်းသား တစ်ခုလုံးသည် လူဦးရေအားဖြင့် ငါးထောင်ကျော်၊ ခြောက်ထောင် ခန့်သာရှိသည်ကို လေ့လာသိရှိရပါကြောင်း၊ သက်တိုင်းရင်းသားများသည် ယခုအခါတွင် ကိုယ်ပိုင် ဝတ်စားဆင်ယင်မှု၊ ကိုယ်ပိုင်စကား၊ စာပေ ကွယ်ပျောက်လုနီးပါး ဖြစ်နေကြသည့်အတွက် ၎င်းစာပေများကို တီထွင်ရန် မိမိတို့ မောင်တောမြို့၊ (၄)မိုင်ရပ်ကွက်၊ မန်ကျည်းကုန်းရွာတွင် တစ်နိုင်ငံလုံး သက်တိုင်းရင်းသားများ ကိုယ်စား မျိုးဆက်သစ်လူငယ်များသည် လွန်ခဲ့သည့် ၁၅ နှစ် မှစပြီး ကြိုးပမ်းလာရသည့် နေရာ ဒေသ ဖြစ်ပါကြောင်း၊ အခမ်အနားလုပ်ခြင်း၊ ရိုးရာလေ့ကျင့်နေခြင်း၊ စာပေသင်ကြားခြင်း၊ တက္ကသိုလ်ဝင်တန်း ကလေးများကို ဆုချသည့် အခမ်းအနားလုပ်ခြင်း၊ အခြား အခမ်းအနားများ လုပ်ခြင်းနှင့် လူငယ်များ၏ ကိုယ်ထူကိုယ်ထ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း မတည်ပြီး ဆောက်ထားသည့် အဆောက်အဦ ဖောင်ဒေးရှင်းသာ ဖြစ်ပါကြောင်း၊

မိမိသည် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်နှင့်အညီ ကော်မတီအစည်းအဝေးတွင် သော်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေ ထွက်ရှိလာရေးအတွက် ပြင်ပတွင် ဆွေးနွေးပွဲတွင်သော်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၏ တာဝန်ရှိပုဂ္ဂိုလ်များကို ဆုံသည့်အချိန်တိုင်းတွင် မြန်မာနိုင်ငံအတွင်း ကွယ်ပျောက်လုနီးပါး ဖြစ်နေကြသည့် လူဦးရေ ဆယ်ဂဏန်း၊ ရာဂဏန်းခန့်သာ ရှိနေသည့် ကချင်ပြည်နယ်က ထလုံလူမျိုး၊ ကယားပြည်နယ်က ထနောလူမျိုး၊ တနင်္သာရီက ဆလုံလူမျိုး၊ ရခိုင် ပြည်နယ်ရှိ သက်တိုင်းရင်းသားများ စကား၊ စာပေ၊ ယဉ်ကျေးမှုများကို ဖော်ထုတ် ထိန်းသိမ်းသွားနိုင်ရန် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားချက်များကို သိရပါကြောင်း၊။ ထို့ကြောင့် ဤမျိုးနွယ်စု ပြိုကွဲလုမတက်ဖြစ်နေသည့် မြန်မာနိုင်ငံ၏ ရှေးဦးလူမျိုးတစ်မျိုးဖြစ်သည့် သက်တိုင်းရင်းသားများအတွက် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု တည်တံ့ ခိုင်မြဲနိုင်ရေး၊ ရိုးရာ ပွဲတော် အစဉ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရေးအတွက် မရှိမဖြစ် လိုအပ်နေသည့် အဆောက်အဦကို ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။