(ဆ)GPS ကုမ္ပဏီမှ တရားမဝင် သတ္တုတူးဖော်နေမှုအား အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ကွင်းဆင်းစိစစ် အရေးယူ ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ/မရှိနှ င့်စပ်လျဉ်းသည့် မေးခွန်း

2020-12-31

(ဆ)GPS ကုမ္ပဏီမှ တရားမဝင် သတ္တုတူးဖော်နေမှုအား အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ကွင်းဆင်းစိစစ် အရေးယူ ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ/မရှိနှ င့်စပ်လျဉ်းသည့် မေးခွန်း

ရွာငံမြို့နယ်အတွင်း GPS ကုမ္ပဏီမှ တရားမဝင် သတ္တုတူးဖော်နေမှုများအား အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး ကွင်းဆင်း စိစစ်အရေးယူ ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ/မရှိ မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ သဖန်းပင် ကျေးရွာမြောက်ဘက်၊ ငှက်သောက်ကျေးရွာ၏ အရှေ့ဘက်  သဖန်းပင်ရွာသူရွာသားများ မြေငှားစနစ်ဖြင့် မြေအနားပေးစနစ်ဖြင့် စိုက်ပျိုးသည့် ကောက်ပဲသီးနှံများ စိုက်ပျိုးသည့်၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသည့် မြေပေါ်တွင် ဒေသခေါ် အင်ကြင်းရေနယ်နိမိတ်တွင် GPS ကုမ္ပဏီက တရားမဝင် သတ္တုတူးဖော်နေကြောင်း ဒေသခံပြည်သူများ၏ တင်ပြချက်အရ သိရှိ ရပါကြောင်း၊ အင်ကြင်းရေ နယ်နိမိတ်၏ တစ်ဆက်တစ်စပ်တည်းတွင် GPS ကုမ္ပဏီနှင့် ဟာဘော်စတား ကုမ္ပဏီနှစ်ခု ရှိပါကြောင်း၊ ၎င်းကုမ္ပဏီနှစ်ခုသည် မည်သည်က GPS ကုမ္ပဏီက မည်သည့်လုပ်ကွက်၊ ဟာဘော်စတား ကုမ္ပဏီက မည်သည်လုပ်ကွက်ဆိုသည်ကို မည်သူမျှ မသိရပါကြောင်း၊ သို့သော် ကုမ္ပဏီ၏ ဝန်ထမ်းများအားလုံးသည် တစ်စုတည်း တူညီနေသည်ကို တွေ့ရှိရသည် ဖြစ်ပါကြောင်း၊ ဟာဘော်စတား ကုမ္ပဏီသည် အသေးစား ထုတ်လုပ်ခွင့်ရပြီး ၂၀၁၉ ခုနှစ် ၅ လပိုင်းတွင်သက်တမ်းကုန်ဆုံးပြီး GPS ကုမ္ပဏီသည် စမ်းသပ်တူးဖော်ခွင့် တင်ထားပြီး ဝန်ကြီးဌာန၏ ခွင့်ပြုချက် မကျမီ တရားမဝင် တူးဖော်နေသည်ကို တွေ့ရှိရပါကြောင်း၊

မိမိ၏ ကြယ်ပွင့်မပြ မေးခွန်းအဖြေရှိ ရွာငံမြို့နယ်တွင် ဝန်ကြီးဌာနက ခွင့်ပြုထားသည့် အသေးစား သတ္တုလုပ်ကွက်နှင့် ကုမ္ပဏီအမည်များ စာရင်းဖြစ်ပါကြောင်း၊ ၆-၁၀-၂၀၁၉ တွင် ဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာနေဇာလင်းနှင့်အဖွဲ့သည် GPS ရုံးခန်းတွင် ဆွေးနွေးသည့် မှတ်တမ်းဓာတ်ပုံ၊ ၆-၁၀-၂၀၁၉ ရက်နေ့တွင် သတ္တုတူးယူနေသည့် ပုံများ၏ မှတ်တမ်းဓာတ်ပုံ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာနေဇာလင်းနှင့်အဖွဲ့ ရွာငံမြို့နယ်ကအုပ်ချုပ်ရေးအဖွဲ့များ၊ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်များစုပေါင်းပြီးကွင်းဆင်းစစ်ဆေးသည့် မှတ်တမ်းဓာတ်ပုံ၊ GPS ကုမ္ပဏီ၏ တူးဖော်ထားသည့် မှတ်တမ်းဓာတ်ပုံ၊ GPS ကုမ္ပဏီပိုင်သည့် သတ္တုသန့်စင် စက်ရုံဖြစ်ပါကြောင်း၊ ၎င်းစက်ရုံမှ တစ်ရက်ကို ကုန်ကြမ်းတန် ၅၀၀ ထုတ်ပါကြောင်း၊ တစ်ရက်ကို ခဲသတ္တု ကုန်ချောတန် ၂၀ ထုတ်ပါကြောင်း၊ စက်ရုံမှ ထွက်ရှိသည့် ခဲသတ္တုချော်ရည်ကန်၊ စက်ရုံမှ ထွက်သည့် စွန့်ပစ်ရေဆိုးစုကန်တို့၏ မှတ်တမ်းဓါတ်ပုံများ ရှိပါကြောင်း၊

ခွင့်ပြုချက် မရှိဘဲနှင့် သတ္တုတူးဖော်ခြင်း၊ လမ်းဖောက်လုပ်ခြင်းကြောင့် ပျက်စီးသွားသည့် တောတောင်များ၊ အပင်များ၊ ဂေဟစနစ်များ ပျက်စီးမှုအတွက် GPS ကုမ္ပဏီကမည်ကဲ့သို့ အစားထိုးကုစားပေးမည်ဆိုသည်ကို သိရှိလိုသည့်အတွက် တင်ပြလိုပါကြောင်း၊ ရွာငံမြို့နယ်အတွင်းတွင် ထိုကဲ့သို့ တရားမဝင် သတ္တုများ ခိုးယူတူးဖော်နေခြင်းသည် (၁) ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေကြောင်း၊ (၂) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ကျဆင်းစေပါကြောင်း၊ (၃) နိုင်ငံတော်တွင် တရားဝင် ရသင့် ရထိုက်သည့် ဓာတ်သတ္တုအခွန်အခများ ဆုံးရှုံးစေပါကြောင်း၊ ထို့ကြောင့် ရွာငံမြို့နယ်အတွင်း GPS ကုမ္ပဏီ၏ တရားမဝင်ခဲသတ္တုတူးဖော်နေမှုများအား ဝန်ကြီးဌာနမှ ထိထိရောက်ရောက် အရေးယူပေးပါရန် အစီအစဉ် ရှိ/မရှိ ဒေသခံပြည်သူများကိုယ်စား မေးမြန်းပါသည်။