(ဂ)-တွံတေးမြို့နယ်၊ ပျော်ဘွယ်လေးကျေးရွာနေ ဒေါ်ကျင်သိန်းက သူ၏သိမ်းဆည်းခံမြေ ပြန်လည် ပေးအပ်ရေးကိစ္စတွင် အခက်အခဲအတားအဆီး အနှောက်အယှက်များပေါ်ပေါက်နေမှုနှင့်စပ်လျဉ်း၍ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-31

 

မိမိသည် ပုဂ္ဂလိကဆန်သောမေးခွန်းများကို မေးလေ့မရှိပါကြောင်း၊ မိမိတို့လွှတ်တော်ကိုယ်စားလှယ် သက်တမ်းလေးနှစ်ကာလတွင် ပြဿနာများကို လွှတ်တော်ကိုသယ်မလာဘဲအောက်ခြေတွင် တတ် နိုင်သလောက်ဖြေရှင်းပါကြောင်း၊ သို့သော် ကြိုးနီစနစ်ကပဲအမြစ်တွယ်နေသည်လား၊ ဒါမှမဟုတ် အဂတိလိုက်စားမှုများရှိနေလား မသိပါကြောင်း၊ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များ ဖြေရှင်း၍ မရသောပြဿနာတော်တော်များများ ရှိပါကြောင်း၊ မိမိတို့မြို့တွင် ပျော်ဘွယ်လေးဆိုသည့် ကျေးရွာတစ်ရွာရှိ ပါကြောင်း၊ တွံတေးတူးမြောင်းဘေးကဖြစ်ပါကြောင်း၊ ဤရွာတွင် ဒေါ်ကျင်သိန်း ဆိုသော လယ်သူမကြီးတစ်ယောက်၏လယ်ငါးဧကကျော်ကျော်ကို ၁၉၉၈ ခုနှစ်ခန့်တွင် ရဝတဥက္ကဋ္ဌ လုပ်သူက ကမ်းပြိုအိမ်များကိုပေးမည်ဆိုပြီး သိမ်းလိုက်ပါကြောင်း၊ သို့သော် လက်တွေ့တွင် ကမ်းပြို အိမ်များကို မပေးဘဲအိမ်ကွက်များရိုက်ပြီးရောင်းစားပါကြောင်း၊ မိမိတို့အစိုးရတက်လာသည့် အခါဒေါ်ကျင်သိန်းက မြေကိုပြန်လည်ရရှိလိုပါကြောင်း လျှောက်ထားပါကြောင်း၊ လျှောက်ထား သည့်အခါ မြေစစ်အဖွဲ့က  ရပ်ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့်စစ်ပြီးသည့်အခါ နောက်ဆုံး တိုင်းမြေစစ်အဖွဲ့က ဤမြေကိုဒေါ်ကျင်သိန်းကိုပြန်လည်ပေးပါဆိုပြီး ညွှန်ကြားချက် ပေးလိုက်ပါသော်လည်း လက်တွေ့တွင် ပြန်လည်ရရှိခြင်းမရှိသည့်အပြင် နောက်ဆုံးတွင် ဒေါ်ကျင်သိန်း ကိုယ်တိုင်မှာ ၎င်းမြေကိုပြန်ပြီးကျူးကျော်သည်ဆိုပြီး တရားပြန်စွဲခံရပါကြောင်း၊ နောက်ဆုံးတွင် ၎င်းက တိုင်းအစိုးရအဖွဲ့ကတစ်ဆင့် ခရိုင်အုပ်ချုပ်ရေးမှူးကို စာပို့လိုက်ပါကြောင်း၊ ပြန်လည်ပေးအပ် နိုင်ရေးဆောင်ရွက်ရန်နှင့် ဆောင်ရွက်ပြီးစီးမှုအား ပြန်လည်တင်ပြရန်ဆိုပြီး ၂၀၁၈ ခုနှစ်၊ မေလ ၃ ရက်နေတွင် ဝန်ကြီးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးက စာပို့လိုက်ပါကြောင်း၊ မပေးပါကြောင်း၊ အဆင့်ဆင့် ခရိုင်က မြို့နယ်၊ မြို့နယ်က ရပ်ကျေး၊ ရပ်ကျေးက ကျူးကျော်ပြီး ဝယ်ယူထားသူများကို ဖယ်ပေးရန်ပြောသော်လည်း မဖယ်ပေးပါကြောင်း၊ ဒေါ်ကျင်သိန်းက ထပ်မံ၍ တိုင်သည့်အခါ ဝန်ကြီးချုပ် ကိုယ်စားဒုတိယညွှန်ကြားရေးမှူးကသာ ကျူးကျော်သူများကို မြို့နယ် လယ်/စီအဖွဲ့က ဦးတိုက်လျှောက်ထားတရားစွဲဆိုသင့်သော အမှုဖြစ်ကြောင်း၊ မြို့နယ်လယ်/စီ အဖွဲ့က တရားစွဲရမည်ဟု တွံတေးမြို့နယ် လယ်/စီဥက္ကဋ္ဌကိုညွှန်ကြားလိုက်ပါကြောင်း၊ လက်တွေ့ တွင် မရသည့်အတွက် မိမိထံကိုတိုင်ကြားလာပါကြောင်း၊ မိမိကကြယ်ပွင့်မပြမေးခွန်းကို မေးသည့် အခါ ဝန်ကြီးချုပ်ကိုယ်စား စိုက်/မွေး/သစ်တော/စွမ်းအင်ဝန်ကြီးက မြို့နယ်မြေစာရင်းအဖွဲ့ကို ညွှန်ကြားထားသည်များ ရှိကြောင်း၊ တည်ဆဲဥပဒေအရလည်းအရေးယူဆောင်ရွက်ရန် ညွှန်ကြား ထားပြီးဖြစ်ကြောင်း စာဖြင့်ပြန်လည်ဖြေကြားပါကြောင်း၊ သို့သော်လက်တွေ့တွင် မရောက်လာ သည့်အတွက် မိမိနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) တို့က ၎င်းထံ သွားရောက်မေးမြန်းပါကြောင်း၊ ယခုမြို့နယ်လယ်/စီအဖွဲ့ကလည်း တရားမစွဲကြောင်း၊ မြေလည်း ပြန်မရကြောင်း၊ အဆိုပါကိစ္စကိုမည်သို့လုပ်ပေးမည်နည်း၊ မြေပြန်ရအောင်ညွှန်ကြားချက်ကို မလိုက်နာသည့် မြို့နယ်လယ်/စီအဖွဲ့ဥက္ကဋ္ဌကို အရေးယူဆောင်ရွက်ပေးရန် မိမိတို့နှစ်ယောက်က လက်မှတ်ထိုးပြီးစာဖြင့့်တိုင်သည့်အခါ ပြန်ကြားလာသည်မှာ ပထမတုန်းကမြို့နယ်လယ်/စီအဖွဲ့ ဥက္ကဋ္ဌကတရားဥပဒေအရအရေးယူရမည်၊ ဦးတိုက်လျှောက်ထားရမည်ဟုပြောကြောင်း၊ တစ်ခါ နစ်နာသူမူလမြေပိုင်ရှင်က ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန်ဖြစ်ပါကြောင်းဆိုသည့် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က အမိန့်နှစ်ခုထုတ်နေသည့်သဘောဖြစ်သည့်အတွက် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များလည်း မည်သည်ကိုဆက်လုပ်ရမှန်းမသိကြောင်း၊ ကာယကံရှင်လည်း မည်သို့လုပ်ရမှန်း မသိသည့်အတွက် မေးမြန်းရခြင်းဖြစ်ကြောင်း မေးမြန်းပါသည်။